တာချီလိတ်မြို့ မယ်ယန်းရှိ မယ်ဟုတ်တံတားပေါ် ရေဖုံးလွှမ်းမှုကြောင့် အနီးရှိ နေအိမ်တော်တော်များများ ရေနစ်မြုပ်မှုများရှိနေ

တာချီလိတ်မြို့ မယ်ယန်းရှိ မယ်ဟုတ်တံတားပေါ် ရေဖုံးလွှမ်းမှုကြောင့် အနီးရှိ နေအိမ်တော်တော်များများ ရေနစ်မြုပ်မှုများရှိနေ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် ဖန်မင်းကျေးရွာအုပ်စုအတွင်း တာချီလိတ် - တာလေသွားလမ်းပေါ်ရှိ မယ်ဟုတ်တံတားပေါ်တွင် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့၌ ရေများဖုံးလွှမ်းသွားပြီး အနီးရှိ နေအိမ်များအထိ ရေနစ်မြုပ်ကာ တိုးဂိတ်အထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း သိရသည်။

"တံတားရေကျော်တာ ရွာခံတွေတောင် တခါမှမမြင်ဖူး ဘူးပြောကြတယ်။ မယ်ဟုတ်တံတားကနေ ဘယ်လိုမှ ဖြတ်မရဘူး။ ရေစီးသန်နေတာ။ ဖုန်းလိုင်းလဲမရဘူး။ ရွှေမယ်ယန်း(ပရဟိတ)လူမှုကူညီရေးအသင်း  ကတော့ နေ့ ညမအိပ်တန်း တတ်နိုင်သလောက်ကူညီနေတာတွေ့ရပါတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုအဖြစ် နှစ်စဉ် မိုးရာသီကာလများတွင် ဖြစ်ပွားလေ့ရှိသော်လည်း ယခု နှစ်တွင် ဖြစ်ပေါ်သည့် ရေကြီးရေလျှံမှုမှာ တံတားပေါ် ရေဖုံးလွှမ်းသည်အထိ အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်နေသည်။

လက်ရှိတွင် ဖန်မင်ကျေးရွာအုပ်စုအတွင်း မယ်ဟုတ်ချောင်းတဝိုက် မယ်ယန်းတွင် နေအိမ်အားလုံးနီးပါး ရေများ ဝင်ရောက်နေလျှက်ရှိကြောင်းနှင့် ပိတ်မိနေသူများလည်း များပြားနေရာ ကူညီမှု အင်အား အများအပြားလိုအပ်နေလျှက်ရှိကြောင်း သိရသည်။