တာချီလိတ်မြို့တွင် အဆိုးရွားဆုံး စံချိန်တင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ရေများမှာ ဆက်လက် တက်နေဆဲဖြစ်၍ မယ်ဆိုင်ချောင်းနှင့် အနီးဆုံးဖြစ်သည့် ပုန်းထွန်ရပ်ကွက်အတွင်းရှိ တစ်ထပ်နေအိမ်မှာ နစ်မြုပ်နေပြီး နှစ်ထပ်အထက် နေအိမ်များမှာလည်း ရေများမှာ ဒုတိယအထပ်သို့ ဆက်လက် တက်လာနေကြောင်း သိရသည်။
ပုန်းထွန်ရပ်ကွက်သည် မယ်ဆိုင်ချောင်းနှင့် အနီးဆုံးဖြစ်သလို အနိမ့်ပိုင်းလည်းဖြစ်နေ၍ ရေများမှာ အစမတန် ဖုံးလွှမ်းနေရာ ပိတ်မိနေသူများမှာ အကူအညီများ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။
"အခုလက်ရှိက ပုန်းထွန်ရပ်ကွက်အတွင်းထဲက နှစ်ထပ်နေအိမ်တွေဆိုရင် အောက်ထပ် လုံးဝ မြုပ်သွားပြီး ဒုတိယအထပ်ထိကို ရေတွေက တက်နေတာ။ တစ်ထပ်နေအိမ်တွေကတော့ မြုပ်တာပဲ။ ရေနဲ့အတူ မျှောလာနိုင်တဲ့ မြွေတွေကိုလည်း ကြောက်ရသေးတယ်။ တခြားနေရာကို သွားချင်တာ လာခေါ်ပေးနိုင်မဲ့ ကူညီပေးနိုင်မဲ့သူတွေကိုပဲ စောင့်မျှော်နေရတော့တယ်။ ရပ်ကွက်ထဲမှာ တော်တော်များများလည်း ဘယ်မှ ထွက်မရလို့ ပိတ်မိနေတယ်"ဟု ပုန်းထွန်ရပ်ကွက်အတွင်း ပိတ်မိနေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
တာချီလိတ်မြို့တွင် ပုံမှန်အားဖြင့် ရေကျဆင်းမှု မြန်ဆန်သော်လည်း ယခုအခါတွင် ရေများမှာ ကျဆင်းသွားခြင်းမရှိဘဲ တစ်နေကုန် ရေတိုးလာနေခြင်း ဖြစ်သည်။
တာချီလိတ်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များအနက် ပုန်းထွန်ရပ်ကွက် နှင့် တာလော့ရပ်ကွက်တို့မှာ ရေကြီးရေလျှံမှုကို အဆုံးဆိုး ခံနေရကြောင်း နှင့် မြို့တွင်းအနှံ့ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းကြောင့် သွားလာရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများပါ အခက်တွေ့နေကြောင်း သိရသည်။