တာချီလိတ် - ကျိုင်းတုံသွားလမ်းပေါ် တာချီလိတ်မြို့နယ်အတွင်း ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းရှိ မယ်ဟုတ်ချောင်းသည် နေ့လယ်ပိုင်းအချိန်အထိ ရေများ ဆက်လက် တက်နေဆဲဖြစ်၍ တံတားအနီး အနိမ့်ပိုင်းအိမ်ခြေများတွင် ရေဝင်နစ်မြုပ်နေသည့်အတွက် လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း သိရသည်။
ရေဝင်ရောက်မှု အခြေအနေအရ တံတား၏ မယ်ယန်းစုပေါင်းဂိတ်သို့ သွားရာလမ်းတွင် လျှပ်စစ်မီး မပြတ်တောက်သေးဘဲ အနိမ့်ပိုင်းနေရာတို့တွင် ယနေ့ နေ့လယ် (၂)နာရီခွဲအချိန်အထိ လျှပ်စစ်မီးဖြတ်တောက်ထားဆဲဖြစ်ကြောင်း သိရသည်။
"ဒီဘက်အခြမ်းမှာတော့ အိမ်ခြေတွေ ရေမြုပ်နေတာရှိတော့ မီးဖြတ်ချလိုက်ပြီ။ ဟိုဘက်အခြမ်းတော့ မီးမဖြတ်သေးဘူး"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။
မယ်ဟုတ်ချောင်းရေမှာ အောက်တိုဘာလ (၃)ရက်နေ့ အကူးပိုင်းအချိန်ကစပြီး တဖြေးဖြေး တက်လာနေရာမှ ယနေ့ နေ့လယ်(၂)နာရီအထိ ရေများကျသွားခြင်းမရှိသေးဘဲ ဆက်လက်၍ တက်လာသလို ရေစီးသန်နေဆဲဖြစ်ကြောင်း သိရသည်။
မယ်ဟုတ်ချောင်း၏ ရေမှာ ရေစီးသန်ပြီး ရေတက်လာနေသော်လည်း နေ့လယ်(၂)နာရီအချိန်အထိ ရေများမှာ တံတားအပေါ်သို့ ရောက်ရှိလာခြင်းမရှိသေး၍ တံတားပေါ်ကနေ ဖြတ်သန်းသွားလာ၍ ရနေသေးကြောင်း သိရသည်။
မယ်ယန်းစုပေါင်းဂိတ်တွင်လည်း မယ်ဟုတ်ချောင်းရေ၏ အရှိန်ကြောင့် ရေများ တက်လာနေကြောင်း သိရသည်။
"မနက်ကတော့ ရေတက်တာမြန်တယ်။ အခုတော့ ရေတက်တာ မမြန်တော့ပေမဲ့ နည်းနည်းစီတိုးလာတာတော့ တွေ့ရတယ်။"ဟု ဒေသခံတစ်ဦးက နေ့လယ်(၂)နာရီခွဲဝန်းကျင်အချိန်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဉ်က မယ်ဟုတ်ချောင်းရေမှာ မကြုံစဖူး တံတားပေါ်ကို ရေလွှမ်းမိုးသည်အထိ ဖြစ်ပွားခဲ့ခြင်းကြောင်း မယ်ဟုတ်ချောင်းတလျှောက် ချောင်းဘေးတွင် နေထိုင်ကြသူများက ယခုအကြိမ်တွင်လည်း ယခင်ကလို ဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။
မယ်ဟုတ်ချောင်းရေသည် မဲခေါင်မြစ်အတွင်းသို့ ဦးတည်စီးဆင်းခြင်းဖြစ်၍ မဲခေါင်မြစ်ရေ တိုးလာပါက ချောင်းရေမှာ မြစ်အတွင်းသို့ မထိုးဖောက်နိုင်တော့ဘဲ ရေလျှံလာလေ့ရှိသည်။
#TachileikNewsAgeny