ကလေး (၁၀၀) ကျော်၏ ဖခင်ဖြစ်နေသည့် Telegram တည်ထောင်သူ ပါဗဲလ် ဒူရော့ဗ်

ကလေး (၁၀၀) ကျော်၏ ဖခင်ဖြစ်နေသည့် Telegram တည်ထောင်သူ ပါဗဲလ် ဒူရော့ဗ်
သြဂုတ် 28, 2024 | နိုင်ငံတကာသတင်း
By Mr John

 ပြင်သစ်နိုင်ငံတွင် အဖမ်းခံထားရသည့် Telegram တည်ထောင်သူနှင့် စီအီးအို ရုရှားနွယ်ဖွား ပါဗဲလ် ဒူရော့ဗ်ကို ကွန်ပျူတာပရိုဂရမ်ရေးဆွဲမှု ပါရမီရှင်၊ ဘီလျံနာ စွန့်ဦးတီထွင်သူနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် တိုက်ပွဲဝင်သူအဖြစ် လူသိများကြသည်။ 

ထို့အပြင် ဒူရော့ဗ်၏ နောက်ထပ် ထူးခြားချက်မှာ အနည်းဆုံး ကလေး (၁၀၀) ဦး၏ ဖခင်အရင်း ဖြစ်နေခြင်းဟု ဆိုရမည်။

ဒူရော့ဗ်က ကလေးများများ မွေးခြင်းကို အားပေးသူဖြစ်ပြီး ကလေးအဖေအဖြစ် ကလေးများကို ပြုစုပျိုးထောင်ရခြင်းကို နှစ်သက်သူ ဖြစ်သည်။ 

၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ဒူရော့ဗ်၏ ထုတ်ဖော်ပြောမှုအရ ၎င်းမှာ ပြီးခဲ့သည့် (၁၅) နှစ်အတွင်း သုက်ပိုးလှူဒါန်းထားမှုကြောင့် ကလေး (၁၀၀) ကျော်၏ ဖခင်ဖြစ်လာကြောင်း သိရသည်။

Bloomberg ၏ အချက်အလက်များအရ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ (၉.၁၅) ဘီလီယံ ချမ်းသာကြွယ်ဝသော အသက် (၃၉) နှစ်အရွယ် ဒူရော့ဗ်ကို ၁၉၈၄ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု၌ မွေးဖွားခဲ့သည်။ 

သို့သော် ဒူရော့ဗ်၏ အသက် (၄) နှစ်အရွယ်တွင် အီတလီနိုင်ငံသို့ မိသားစုနှင့်အတူ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက်ပိုင်း ဒူရော့ဗ်၏ ဖခင်ဖြစ်သူမှာ စိန့်ပီတာစဘတ်တက္ကသိုလ်တွင် အလုပ်ရရှိပြီးနောက် ၎င်းတို့မိသားစု ရုရှားသို့ ပြန်လာခဲ့သည်။ 

ကွန်ပျူတာပရိုဂမ်ရေးဆွဲမှု ပါရမီရှင်ဖြစ်သူ ဒူရော့ဗ်က တက္ကသိုလ်ကျောင်းပြီးခါစ အသက် (၂၁) နှစ်အရွယ်တွင်  ၂၀၀၆ ခုနှစ်၌ VK (Vkontakte) ဆိုရှယ်မီဒီယာ ဝက်ဘ်ဆိုက်ကို ဖန်တီးခဲ့သည်။ 

ဒူရော့ဗ် ဖန်တီးခဲ့သည့် VK မှာ လျင်မြန်စွာပင် ရုရှား၏ Facebook ဖြစ်လာသည်။

၂၀၁၃ ခုနှစ်တွင် VK ဝက်ဘ်ဆိုက်ရှိ ယူကရိန်းနိုင်ငံသား အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်ကို ပေးအပ်ရန် ရုရှားအစိုးရက တောင်းခဲ့ရာ ဒူရော့ဗ်က  ငြင်းဆန်လိုက်ပြီးနောက် ၎င်းနှင့် ရုရှားအစိုးရကြား ဆက်ဆံရေး အက်ကြောင်းပေါ်ခဲ့သည်။ 

ထိုနှစ်အတွင်းမှာပင် ဒူရော့ဗ်က Telegram ကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် အသုံးပြုသူ (၁) ဘီလီယံနီးပါးရှိကာ Facebook, YouTube, WhatsApp, Instagram, TikTok နှင့် WeChat ပြီးလျှင် အဓိက ဆိုရှယ်မီဒီယာ ပလက်ဖောင်းများအနက် တစ်ခုအဖြစ် ရပ်တည်နေသည်။

ဘီလျံနာ ဒူရော့ဗ်မှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၄) ရက်နေ့ နှောင်းပိုင်းက ကိုယ်ပိုင်ဂျက်လေယာဥ်ဖြင့် အဇာဘိုင်ဂျန်နိုင်ငံမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ပြင်ရှိ Le Bourget လေဆိပ်သို့ ရောက်ရှိလာပြီးနောက် မကြာမီ အဖမ်းခံခဲ့ရသည်။ 

"Telegram စီအီးအို ပါဗဲလ် ဒူရော့ဗ်ဆီမှာ ဖုံးကွယ်ထားစရာ ဘာမှ မရှိဘဲ ဥရောပကို မကြာခဏ ခရီးသွားလာနေပါတယ်။ Telegram ကို အလွဲသုံးစားလုပ်မှုအတွက် ဒီပလက်ဖောင်း သို့မဟုတ် ပိုင်ရှင်မှာ တာဝန်ရှိတယ်လို့ ပြောဆိုတာက အဓိပ္ပါယ်မဲ့ပြီး ရယ်စရာကောင်းပါတယ်" ဟု ဒူဘိုင်းမြို့ အခြေစိုက် Telegram က ဒူရော့ဗ် အဖမ်းခံရမှုနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည်။

 

Source: CNN