သပိတ်ကျင်းခရိုင်တစ်ခုလုံးကို တော်လှန်ရေးတပ်များကသိမ်း

သပိတ်ကျင်းခရိုင်တစ်ခုလုံးကို တော်လှန်ရေးတပ်များကသိမ်း

မန္တလေးတိုင်း သပိတ်ကျင်းခရိုင်တစ်ခုလုံးကို တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီဖြစ်သည်။ 

မန္တလေးတိုင်းအတွင်း NUG လက်အောက်ခံ PDF တပ်များက ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကြိမ်နှင့်အတူ ရှမ်းမန်းစစ်ဆင်ရေးကိုစတင်ပြီး သပိတ်ကျင်း ခရိုင်တစ်ခုလုံးကို သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

မန္တလေးတိုင်းတွင် ခရိုင်(၁၁)ခု၊ မြို့နယ် (၃၃)မြို့ရှိသည့်အနက် သပိတ်ကျင်းခရိုင်အတွင်းရှိ မိုးကုတ်၊ စဥ့်ကူး၊ တကောင်းနှင့် သပိတ်ကျင်းတို့ကို သိမ်းပိုက်လိုက်နိုင်ပြီဖြစ်သည်။ 

သပိတ်ကျင်းမြို့နယ်သည် ယခင်က ပြင်ဦးလွင်ခရိုင် အတွင်းပါဝင်ပြီး ၂၀၂၂ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင် စစ်ကောင်စီက ခရိုင်အသစ်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းရာ ပြင်ဦးလွင်ခရိုင်မှ သပိတ်ကျင်းမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ မိုးကုတ်မြို့နယ်တို့အား ခွဲထုတ်၍ သပိတ်ကျင်းခရိုင်အဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်သည်။ 

တကောင်းမြို့အနီးတွင် လက်ရှိ တော်လှန်ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ကောလင်း၊ ထီးချိုင့်၊ မိုးကုတ်မြို့အနီးတွင် TNLA သိမ်းထားသည့် မိုးမိတ်မြို့တို့ရှိသည်။ 

သပိတ်ကျင်းနှင့် တကောင်းမြို့တို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရာ စစ်ကောင်စီတပ်၏ ဒုဗိုလ်မှူးကြီး အဆင့်များကိုပင် ဖမ်းဆီးရမိခဲ့သည်။ 

မန္တလေးအထိ စစ်ရေးလှိုင်းများ ဆင်းလာမည်ဖြစ်သဖြင့် နေရာစုံမှ ကြိုတင်ပြင်ဆင်မှုများ အမြန်ဆုံးပြုလုပ်ထားရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်း၀င်းခိုင်သန်းက အမျိုးသားညီညွတ်ရေးအစိုးရ အစည်းအဝေး အမှတ်စဉ် ၂၁/၂၀၂၄ တွင်ပြောဆိုထားသည်။

#TachileikNewsAgency