လားရှိုးမြို့ရှိ ရဲစခန်းနှင့် အကျဉ်းထောင်တို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ

လားရှိုးမြို့ရှိ ရဲစခန်းနှင့် အကျဉ်းထောင်တို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ ရဲစခန်းနှင့် အကျဉ်းထောင်တို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့ ညနေ (၃)နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်ပိုင်တွင် လားရှိုးမြို့အဝင်ဆိုင်းဘုတ်အနီးရှိ ရိုးရာဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားပြီးနောက် တစ်နေကုန် လေယာဉ်ပျံဝဲနေကာ ညနေပိုင်းတွင် လားရှိုးမြို့ရှိ ရဲစခန်းနှင့် အကျဉ်းထောင်တို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“လားရှိုးကို လေယာဉ်နဲ့ ပထမအကြိမ် မနက်ပိုင်းမှာ တိတ်တိတ်လေး လာကြဲချသွားတယ်။ ရိုးရာဆန်အရက် ကုမ္ပဏီထဲကျတယ်။ ဒုတိယတစ်ကြိမ် မနက်ပိုင်းမှာပဲ လေယာဉ်လာတော့ အောက်ကနေ ပြန်ပစ်တာ လေယာဉ်က ပတ်ပြေးသွားတယ် ပြီးတော့ ရပ်ကွက် (၁၂) ဘက်ကြဲတယ်လို့ကြားရတယ်။ အောက်က ပြန်ပစ်နေတော့ အနိမ့် မပျံရဲဘူး။ တစ်နေကုန် လားရှိုးမြို့ပေါ်ပျံနေတာ ညနေပိုင်းမှာ ဗုံးထပ်လာကြဲသွားတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရိုးရာဆန်အရက်ချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်စဉ် လူထိခိုက်မှုမရှိသော်လည်း ညနေပိုင်းတွင် ရဲစခန်းနှင့် အကျဉ်းထောင်တို့အား ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွင် လူထိခိုက်မှုရှိသည်ဟု သိရသော်လည်း အသေးစိတ်ကိုမူ မသိရသေးပါ။

စစ်ရေးသတင်းအရင်းအမြစ်၏ ပြောကြားချက်အရ ပထမအကြိမ် နံနက်(၈) နာရီ(၃၅)မိနစ်တွင် ရိုးရာဆန်အရက် ချက်စက်ရုံကို (၂)ကြိမ် ပေါင်(၅၀၀)ဗုံး ကြဲချသွာပြီး နံနက်(၁၀)နာရီ (၅)မိနစ်တွင် ရပ်ကွက်(၁၂)ဘက်ကို ဗုံးကြဲသည်ဟုဆိုသည်။

ထို့နောက် ညနေ(၃)နာရီတွင် အမှတ်(၂)ရဲစခန်းနှင့် ညနေ(၃)နာရီ(၁၀)မိနစ်တွင် လားရှိုးအကျဉ်းထောင်တို့ကို ဗုံးကြဲတိုက်ခိုက်သွားသည်ဟု သိရကာ အသေးစိတ်အချက်အလက်ကိုမူ မသိရသေးဟု ဆိုသည်။

 

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လမှစတင်ပြီး လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ (၂၀)ကျော်ရှိလာပြီး အရပ်သားထိခိုက်သေဆုံးသူ (၁၀၀)ဝန်းကျင်ရှိကာ နေအိမ်များ၊ ဟိုတယ်၊ ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်ကြောင်း MNDAA ဘက်က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo:ယနေ့ မနက်ပိုင်းက စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် ရိုးရာဆန်အရက်ချက်စက်ရုံ