တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းနှင့်ဂိတ်စခန်း သုံးနေရာအား တော်လှန်ရေးအင်အားစုများမှ တိုက်ခိုက်

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းနှင့်ဂိတ်စခန်း သုံးနေရာအား တော်လှန်ရေးအင်အားစုများမှ တိုက်ခိုက်

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းနှင့် ဂိတ်စခန်း စုစုပေါင်း သုံးနေရာအား တော်လှန်ရေးအင်အားစုများမှ သွားရောက်တိုက်ခိုက်ကြောင်း တနင်္သာရီမြို့နယ်-ပကဖ ထံမှ သိရသည်။

တနင်္သာရီမြို့နယ် အောက်ကင်းရွာခြေစိုက် စစ်ကောင်စီတပ် အမှတ် (၅၅၇) တပ်ရင်းကို ၂၀၂၄ခုနှစ် သြဂုတ်လ (၂၄) ရက်နေ့ နံနက် (၈) နာရီခွဲဝန်းကျင်တွင် တော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု (၁၅)မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအပြီး နံနက် (၉) နာရီခန့်နှင့် ညနေ (၃) နာရီခွဲခန့်တွင်လည်း တနင်္သာရီမြို့အဝင် တံတားစစ်‌ဆေးရေးဂိတ်နှင့် ဗိုလ်ချုပ်ကြေးရုပ်အရှေ့တောင်ပေါ်ရှိ စစ်ကောင်စီစခန်းတို့ကို တော်လှန်ရေးအင်အားစုများက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု သုံးကြိမ်အတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၁) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းပေးပို့ချက်အရ ပြန်လည်သိရှိရကြောင်း တနင်္သာရီမြို့နယ် - ပကဖ က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများအား တနင်္သာရီမြို့နယ် ပကဖ ဇုန်(၄)နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) (၂) အဖွဲ့တို့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း နှစ်ဖက်စစ်ရေးတင်းမာနေသည့်အတွက် ခရီသွားပြည်သူများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကို လေးစားလိုက်နာပေးကြပါရန်နှင့် စစ်ရေးသတိကြီးစွာဖြင့် သွားလာကြရန် တနင်္သာရီမြို့နယ်-ပကဖ က အသိပေးထားသည်။

#TachileikNewsAgency