အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း စင်ကာပူစတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီက မြန်မာစစ်တပ်အား စင်ကာပူဒေါ်လာ ၅.၅၇ သန်း ပေးအပ်ခဲ့

အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း စင်ကာပူစတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီက မြန်မာစစ်တပ်အား စင်ကာပူဒေါ်လာ ၅.၅၇ သန်း ပေးအပ်ခဲ့

 မြန်မာနိုင်ငံအတွင်း အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ Emerging Towns & Cities Singapore (ETC) က မြန်မာစစ်အုပ်စုထံ စင်ကာပူဒေါ်လာ ၅.၅၇ သန်း ပေးအပ်ခဲ့ကြောင်း Justice For Myanmar အဖွဲ့၏ စုံစမ်းဖော်ထုတ်မှုအရ သိရသည်။

ယခင်ဘဏ္ဍာရေးအစီရင်ခံစာများအရ ၂၀၂၂ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၁.၆၈ သန်းနှင့် ၂၀၂၃ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၂.၉၉ သန်း ပေးချေခဲ့မှုကို တွေ့ရပြီး၊ တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုထံ စုစုပေါင်းပေးချေငွေသည် စင်ကာပူဒေါ်လာ ၅.၅၇ သန်း ရှိပြီ ဖြစ်ကြောင်း သိရသည်။

စင်ကာပူအခြေစိုက် Emerging Towns & Cities (ETC) ကုမ္ပဏီသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း တစ်စုံတစ်ရာမရှိဘဲ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုကို ဘဏ္ဍာငွေများ ဆက်လက်ပေးအပ်လျက်ရှိကြောင်း Justice For Myanmar အဖွဲ့က ဆိုသည်။

ETC ၏ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ ၆ လစာ ဘဏ္ဍာရေးဆိုင်ရာနောက်ဆုံးထုတ်ပြန်ချက်တွင် Golden City စီမံကိန်းအတွက် မြေငှားရမ်းခ ပရီမီယံကြေး စင်ကာပူဒေါ်လာ ၉၀၀,၀၀၀ ပေးချေခဲ့ပြီး ယင်းစီမံကိန်းသည် မြန်မာစစ်အုပ်စု၏ စစ်ထောက်ချုပ်ရုံးထံမှ မြေငှားရမ်း တည်ဆောက်ထားသည့် အိမ်ခြံမြေ၊ အဆောက်အအုံစီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

စစ်ထောက်ချုပ်ရုံးသည် စစ်ရာဇဝတ်မှုများကျူးလွန်နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) လက်အောက်တွင် တည်ရှိပြီး ယူကေအစိုးရက ၎င်းတို့၏ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဒဏ်ခတ်ပိတ်ဆို့မှုထုတ်ပြန်ချက်တွင် စစ်ထောက်ချုပ်ရုံးသည် “မြန်မာစစ်တပ် တပ်ဖွဲ့များအတွက် လက်နက်ခဲယမ်း၊ ဗုံးများနှင့် လေယာဉ်ဆီများ အပါအဝင် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်"ဟု ဖော်ပြထားကြောင်း သိရသည်။

ထိုနေ့တွင်ပင် စစ်ထောက်ချုပ်ရုံးကို အမေရိကန်နှင့် ကနေဒါတို့က ပိတ်ဆို့အရေးယူခဲ့ပြီး ETC သည် သုံးနှစ်ကျော်မျှ ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်းထားခဲ့သလို၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်းရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ မြန်မာစစ်အုပ်စုထံ နောက်ဆုံး ငွေပေးချေမှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ETC ၏ မြန်မာစစ်အုပ်စုထံ ငွေပေးချေမှုများတွင် “မြေအသုံးပြုမှုပရီမီယံကြေး” အမေရိကန်ဒေါ်လာ ၆.၈ သန်းနှင့် နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၂.၈ သန်းတို့ ပါဝင်ပြီး သဘောတူညီချက်သည် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (ဘီအိုတီ) စာချုပ်အရဖြစ်ကာ ၊ ငှားရမ်းမှုသက်တမ်း အများဆုံး နှစ် ၇၀ နှင့်အတူ၊ ပြီးဆုံးသည့်အခါတွင် စစ်အုပ်စုသည် အဆိုပါအဆောက်အဦးကို ပိုင်ဆိုင်မှုအဖြစ် ရရှိသွားမည် ဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုထံ အဆိုပါ ငွေပေးချေမှုသည် နှစ် ၇၀ အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉၁.၁ သန်း ထိရှိသွားမည် ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ETC သည် ၎င်းတို့အနေဖြင့် စင်ကာပူကုမ္ပဏီ Grand Ally Investments ကုမ္ပဏီနှင့် ရောင်းဝယ်မှုသဘောတူညီချက်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး၊ မကြာသေးမီကပင် စာချုပ်ပါနောက်ဆုံးရက် သတ်မှတ်ချက်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

ETC နှင့် Grand Ally ကုမ္ပဏီနှစ်ခုလုံးသည် စင်ကာပူတွင် မှတ်ပုံတင်ထားသောကြောင့် စင်ကာပူသည် မြန်မာစစ်အုပ်စုနှင့် လုပ်ကိုင်နေသော Golden City ၏ စီးပွားရေးလုပ်ငန်းနှင့် ဆက်လက်ထိတွေ့ ချိတ်ဆက်နေဆဲဖြစ်ပြီး၊ ယင်းသည် လက်ရှိကျူးလွန်နေသည့် စစ်အုပ်စု၏ ရာဇဝတ်မှုများကို ငွေကြေးဆက်လက် ထောက်ပံ့ ကူညီနေခြင်းလည်း ဖြစ်ကြောင်း သိရှိရသည်။

“ကလေးသူငယ်တွေကို သတ်ဖြတ်၊ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေကို ဗုံးကြဲဖျက်ဆီးပြီး၊ လူသန်းချီ အိုးအိမ်မဲ့ဖြစ်အောင် လုပ်ဆောင်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတရားခံ စစ်အုပ်စုကို ငွေကြေးထောက်ပံ့နေဆဲဖြစ်တဲ့ ETC ကုမ္ပဏီက စင်ကာပူနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေနိုင်တာကတော့ လက်ခံနိုင်ဖွယ် မရှိပါဘူး။” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

စစ်အုပ်စုနှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နှင့် Golden City ကို ဆက်ခံမည့် ရင်းနှီးမြှုပ်နှံသူများနှင့် ETC တို့မှ မြန်မာစစ်အုပ်စုထံ ငွေကြေးများ ဆက်လက်ပေးချေမှုများကို တားဆီးပေးရန် စင်ကာပူနိုင်ငံကို Justice For Myanmar မှ တိုက်တွန်းထားသည်။

အကယ်၍ အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက၊ ETC ၏ ငွေကြေးနှင့် ပိုင်ဆိုင်မှုများသည် အမေရိကန်ဘဏ္ဍာရေးအဖွဲ့အစည်းများထံ ပြောင်းရွေ့ရောက်ရှိသွားနိုင်သည့်အတွက်၊ စင်ကာပူနိုင်ငံ၊ ၎င်း၏ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက စင်ကာပူဘဏ္ဍာရေးအဖွဲ့အစည်းများသည် ပိုင်ဆိုင်မှုများကို ထိန်းချုပ်သိမ်းဆည်းခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။

အစိုးရများအနေဖြင့် စစ်ထောက်ချုပ်ရုံးနှင့် စီးပွားဆက်ဆံမှုများ ဆက်လက်ရှိနေသေးသည့် ETC ၏ မြန်မာနိုင်ငံမိတ်ဖက် Golden Land Real Estate Development ၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် Jewellery Luck Group of Companies နှင့် ယင်း၏ပိုင်ရှင်များ၊ ဒါရိုက်တာများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်ကြောင်း Justice For Myanmar မှ အသိပေးထားသည်။

Justice For Myanmar အဖွဲ့သည် စစ်ကောင်စီ၏ ရန်ပုံငွေနှင့် လက်နက်အရင်းအမြစ်များ၏ အချက်အလက်များကို စုံစမ်းဖော်ထုတ်နေပြီး ၊ ၎င်းတို့နှင့် ကမ္ဘာတစ်ဝန်းရှိ အခြားသောအဖွဲ့အစည်းများ၏ ကြိုးစားမှုကြောင့် စစ်ကောင်စီ၏ နိုင်ငံတကာနှင့်ချိတ်ဆက်လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများတွင် ဒေါ်လာသန်းပေါင်းများစွာကို ဆုံးရှုံးစေခဲ့ကြောင်း သိရသည်။