နိုင်ငံကြီးများ၏ အကျိုးစီးပွားများကြားထဲတွင် ပါးနပ်စွာဖြင့် ကိုယ့်နိုင်ငံအကျိုးစီးပွားကိုသာ ရှေးရှုလျှောက်လှမ်းကြရန် NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

နိုင်ငံကြီးများ၏ အကျိုးစီးပွားများကြားထဲတွင် ပါးနပ်စွာဖြင့် ကိုယ့်နိုင်ငံအကျိုးစီးပွားကိုသာ ရှေးရှုလျှောက်လှမ်းကြရန် NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
သြဂုတ် 20, 2024 | 2021 Military Coup

နိုင်ငံကြီးများ၏ အကျိုးစီးပွားများကြားထဲတွင် ပါးနပ်စွာဖြင့် ကိုယ့်နိုင်ငံအကျိုးစီးပွားကိုသာ ရှေးရှုလျှောက်လှမ်းကြရန် ယနေ့ ၂၀၂၄ခုနှစ် သြဂုတ်လ (၂၀) ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

လက်ရှိ ဖြတ်သန်းနေသည့် အခြေအနေများနှင့် ပက်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တော်လှန်ရေး အင်အားစုများအပေါ် ယုံကြည်မှုအားနည်းပြီး ပြောဆိုခြင်းများ ရှိနေကာ ၊ တော်လှန်ရေးအင်အားစုများ ညီညွတ်စွာဖြင့် တိုင်းပြည်ကို ထိန်းနိုင်ပါ့မလားဆိုသည့် မေးမြန်းမှုများရှိနေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

“သမိုင်းကြောင်းရှည်လျားပြီး တိုင်းရင်းသားပေါင်းစုံ စုစည်းနေကြတဲ့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်စရာတွေ များပြားပေမယ့်  ပြည်သူကိုမျက်နှာမူပြီး တော်လှန်ရေးခရီးကို ကိုယ့်လမ်းကိုယ်ဖောက် လျှောက်လာလိုက်ကြတာ ဒီကနေ့ ဒီခရီးကို ရောက်နေကြပြီမို့ ကျွန်တော်တို့ တိုင်းပြည်ကို ကျွန်တော်တို့ အကောင်းဆုံးအတူတကွ တည်ဆောက်နိုင်မယ်လို့ ခိုင်မာတဲ့ ယုံကြည်ချက်ရှိပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

နှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ်ခြင်းများ၏ ဆိုးပြစ်များကို ခံလာရပြီးနောက် အခုဆိုရင် စုစည်းမှုနှင့် အင်အားကို ကောင်းမွန်စွာနားလည်လာကြသည့် တော်လှန်ရေးအင်အားစုများအားလုံးသည် နိုင်ငံရေးအရ ကောင်းမွန်သည့် ညှိနိူင်းဆွေးနွေးအဖြေရှာမှုများနှင့်အတူ လိုချင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်သွားမည်ဟု နိုင်ငံတကာမိတ်ဆွေများကို သတင်းစကားပါးလိုကြောင်း  ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုသည်။

“အောင်မြင်မှုနီးလာလေလေ ကျွန်တော်တို့စိတ်တွေ ယိမ်းယိုင်သွားစေနိုင်တဲ့ Issue တွေ ပေါ်ပေါက်လာတတ်တာမို့ ကိစ္စရပ်တိုင်းကို သတိကြီးကြီးနဲ့ စီမံဆောင်ရွက်သွားကြဖို့နဲ့ နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားတွေကြားထဲ ပါးပါးနပ်နပ်နဲ့ ကိုယ့်နိုင်ငံ အကျိုးစီးပွားကိုပဲ ရှေးရှုလျှောက်လှမ်းကြဖို့ အလေးအနက်မှာကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

စစ်ရေးအရ အောင်မြင်မှုများဖြစ်သည့် စခန်းနှင့် မြို့များသိမ်းနိုင်ပြီးသည့်နောက်တွင် ဆက်လက်ထိန်းချုပ်ထားရန်နှင့် အုပ်ချုပ်ရေး ယန္တရားများ ပြန်လည် လည်ပတ်နိုင်စေရန်အတွက် စနစ်တကျပြင်ဆင်ကြရန်နှင့် ရှေ့မြို့များတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ကောင်းမွန်သည့် သင်ခန်းစာအဖြစ် ပြန်လည်အသုံးချရန် ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

“မြို့သိမ်းပြီး ထိန်းဖို့ စီမံကြရတဲ့ အရေးပေါ်အခြေအနေမျိုးမှာ အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့တွေကို ပါဝင်သင့် ပါဝင်ထိုက်သူတွေနဲ့ စနစ်တကျဖွဲ့စည်းပြီး တာဝန်များ ပေးအပ်ကာ အနီးကပ်စီမံကြီးကြပ်နိုင်ဖို့လည်း အင်မတန် အရေးကြီးပါတယ်။ ဝန်ကြီးဌာနတွေအချင်းချင်းကြားက ပေါင်းစပ်ညှိနှိုင်းမှုယန္တရားကလည်း အဆင်ပြေပြေ လည်ပတ်နေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

လုံခြုံရေးအခြေအနေနှင့် ဆက်သွယ်ရေးအခက်အခဲများကြောင့် အရေးပေါ် အုပ်ချုပ်ရေးများကို စီမံခန့်ခွဲရသည်မှာ လွယ်ကူမည်မဟုတ်သော်လည်း (၃) နှစ်ခွဲတာ ကာလတလျှောက် မလွယ်ကူသည့်အလုပ်များကိုပဲ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြသည့်အတွက် ယခုအခက်အခဲများကိုလည်း ကျော်လွှားနိုင်မည်ဟု အခိုင်အမာယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

#TachileikNewsAgency

Photo:Mahn Winn Khaing Thann - Prime Minister of NUG