သီပေါမြို့ကို TNLA ထိန်းချုပ်ထား

သီပေါမြို့ကို TNLA ထိန်းချုပ်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို TNLA က ထိန်းချုပ်ထားပြီးဖြစ်ကာ ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကိုသာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

သီပေါမြို့ရှိ စစ်ကောင်စီတပ် စကခ(၁) လက်အောက်ခံ ခမရ(၅၀၃၊ ၅၀၄)၊ ခလရ (၂၃)တို့ကို TNLA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ၂၀၂၄ခုနှစ် သြဂုတ်လ (၁၄)ရက်နေ့ ခလရ(၂၃)တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၄)ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁၆)ကြိမ် ဗုံး(၁၂၄)လုံး လာရောက်ကြဲချသည်ဟု သိရသည်။ 

"သြဂုတ်လ (၁၂)ရက်ကတည်းက မြို့ကို ထိန်းချုပ်ထားပြီးပြီ။ တပ်စခန်းပဲကျန်တယ်။"ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။ 

ယမန်နေ့ညပိုင်း TNLA က ထုတ်ပြန်သည့် ဓါတ်ပုံတွင်လည်း သီပေါမြို့တွင်းကို ထိန်းချုပ်ထားသည့်ပုံကို ထုတ်ပြန်ထားသည်။

သြဂုတ်လ (၁၀)ရက်နေ့တွင်လည်း သီပေါထောင်ပွင့်သွားပြီး နိုင်ငံရေးအကျဥ်းသားနှင့် တခြားအမှုတွဲ အကျဥ်းသားများ ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်နေရာ သြဂုတ်လ (၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ (၅)ရက်အတွင်း သီပေါမြို့နယ်ရှိ ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာ နှင့် နမ့်ပေါ့ချောင်းတို့မှ အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၄)ဦး ထိမှန်သေဆုံးခဲ့ရသည်။ 

ထို့အပြင် ထိုလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သီလရှင်(၁)ပါးနှင့် ကလေးငယ်(၁)ဦးအပါအဝင် ဒေသခံ (၁၂)ဦး ဒဏ်ရာရရှိပြီး မြို့ခံပြည်သူများလည်း ကျောက်မဲမြို့၊ နမ့်လန်၊ ပန်လုံဘက်သို့ စစ်ဘေးရှောင်နေကြရသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲမြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

#TachileikNewsAgency