TNLA သိမ်းပိုက်ထားသည့် မြို့နယ်များတွင် တရားရေးကိစ္စများ လွှဲပြောင်း

TNLA သိမ်းပိုက်ထားသည့် မြို့နယ်များတွင် တရားရေးကိစ္စများ လွှဲပြောင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုသားလွတ်မြောက်ရေးတပ်(TNLA) သိမ်းပိုက်ထားသည့် မြို့များတွင် တရားရေးကိစ္စများကို လွှဲပြောင်းကြောင်း ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ(၁၁)ရက်နေ့တွင် ထုတ်ပြန်သည်။ 

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)တွင် သိမ်းပိုက်ထားနိုင်သည့် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ် စုစုပေါင်း မြို့နယ်(၁၂)ခုတွင် TNLA က ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအားလုံးအား လုပ်ငန်းတာဝန်လွဲပြောင်းခြင်း၊ တာဝန်ခံအပ်ခြင်းနှင့် ရာထူး အပ်နှင်းခြင်း အခမ်းအနားကို ပြုလုပ်သည်ဟု သိရသည်။ 

သြဂုတ်လ  (၁၁)ရက်နေ့တွင် တရားစီရင်ရေးစနစ် အားကောင်းစေရန်၊ တရားဥပဒေစိုးမိုးရေးရှိစေရန်နှင့် တရားမျှတရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဗဟိုတရားသူကြီး (၃)ဦး၊ ခရိုင်တရားသူကြီး (၄)ဦး၊ မြို့နယ်တရားသူကြီး (၈)ဦးနှင့် ဥပဒေရှေ့နေ(၇)ဦး တို့ထံ TNLA ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အမိန့်စာထုတ်ပြန်ပြီး အလုပ်ခန့်အပ်လွှာ အပ်နှင်းသည်ဟု သိရသည်။ 

ထိုအပြင် သက်ဆိုင်ရာ ဗဟိုတရားရုံး၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးနှင့် ဥပဒေရုံးတို့၏ လုပ်ငန်းတာဝန်များကိုလည်း အသိအမှတ်ပြုခဲ့ပြီး ၎င်းတို့အား လုပ်ငန်းနှင့် တာဝန်ရာထူးများခန့်အပ်သည်ဟု ဆိုသည်။ 

တရားသူကြီးများ၏ အလုပ်နှင့် ရာထူးများခန့်အပ်လွှာအပ်နှင်းသည့် အခမ်းအနားကို TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူဂျား၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှ ဒု-ဌာနမှူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်၊ ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများ စုစုပေါင်း (၂၉)ဦး တက်ရောက်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News