မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကြိုတင်ဆန္ဒမဲ သွားရောက်ကောက်ခံထားသည့် နေအိမ်မှ ဆန္ဒမဲပေးထားသူ (၁) ဦးနှင့် မိသားစုဝင် (၁)ဦးတို့ထံက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့တွင် COVID 19 ပိုးတွေ့ရသဖြင့် ကြိုတင်မဲကောက်ခံသည့် ကော်မရှင်အဖွဲ့အား COVID 19 စစ်ဆေးခြင်းနှင့် မဲရုံ၊ မဲရုံသုံးပစ္စည်းများကို ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်မည့်အပြင် ကြိုတင်မဲကောက်ခံခြင်းအား ယာယီလျှော့ချမည်ဟု သိရသည်။
“ပိုးတွေ့နေအိမ်ကို လတ်တလော အသွားအလာ ကန့်သတ်မှုပြုလုပ်ထားပြီး ပိုးတွေ့မိသားစု ဘယ်နေရာတွေကို သွားလာထားတယ်။ ဘယ်သူတွေနဲ့ ဆက်သွယ်မှု ရှိခဲ့တယ်ဆိုတာကို ဆက်လက် စုံစမ်းနေပါတယ်။ မဲပေးနေမှုကို ခဏစဲထားပြီး မဲရုံနဲ့ ဆက်စပ်ပစ္စည်းတွေကိုဆေးဖြန်းဖို့ စီစဉ်နေပါတယ်”ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ နေအိမ်သို့ ကြိုတင်မဲ သွားရောက်ကောက်ယူသူများ အပါအဝင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို COVID 19 စစ်ဆေးထားရာ ပိုးမတွေ့ရကြောင်း အဖြေရထားပြီးသော်လည်း မဲရုံများနှင့် မဲရုံပစ္စည်းများကို COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် ဆေးဖြန်းခြင်း၊ Face Shield များ၊ Hand Gel များထားပေးခြင်းအပြင် KN 95 Mask များကိုပါ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency