စစ်တပ်‌လော်ဘီများက မြို့မသိမ်းနိုင်သေးဟု ပြောဆိုနေသည့် လားရှိုးမြို့အတွင်း MNDAA အလံထောင် သွားလာနေ

စစ်တပ်‌လော်ဘီများက မြို့မသိမ်းနိုင်သေးဟု ပြောဆိုနေသည့် လားရှိုးမြို့အတွင်း MNDAA အလံထောင် သွားလာနေ
ဇူလိုင် 26, 2024 | 2021 Military Coup| ရှမ်းမြောက်

လားရှိုးမြို့ကို မသိမ်းနိုင်သေးဟု စစ်ကောင်စီလော်ဘီများ ပြောဆိုနေသော်လည်း လားရှိုးမြို့အတွင်း ဌာနဆိုင်ရာနှင့် ဘဏ်များကို သိမ်းကာ ကိုးကန့်တပ်ဖွဲ့အလံထောင်၍ စစ်ရေးလှုပ်ရှားသွားလာနေသော MNDAA တပ်ဖွဲ့ဝင်များ၏ရုပ်သံဖိုင် ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့တွင် ထွက်ပေါ်လာကာ စစ်ကောင်စီတပ်သားများ သေဆုံးနေသည်ကိုလည်း တွေ့ရသည်။

“(၂၃)ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် MNDAA တပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို ဇူလိုင် (၂၅)ရက် နံနက်(၄)နာရီတွင် လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့ကို လုံး၀လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာ နချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေးလှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်။”ဟု MNDAA က ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း စစ်ကောင်စီလော်ဘီများကမူ လားရှိုးမြို့နှင့် အရှေ့ မြောက်စစ်ဒေသဌာနချုပ်တို့မကျသေးဘဲ လားရှိုးမြို့တွင် တိုက်ပွဲ များဆက်ဖြစ်နေဆဲဟု ဝါဒဖြန့်သည်။

MNDAA ဘက်ကမူ လားရှိုးမြို့ကို အပြီးပိုင်သိမ်းပိုက်ပြီးနောက် လားရှိုးမြို့ အုပ်ချုပ်ရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီး မြို့အုပ်ချုပ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ယမန်နေ့က ကြေညာသည်။

"လားရှိုးမြို့တွင်းမှာ ပစ်ခတ်မှုတွေရှိပါသေးတယ်။ ပါရမီဘက် မနေ့ညက ပစ်ခတ်တာ‌တွေရှိတယ်။ စွန်းလွန်းအနောက်ဘက်အခြမ်းမှာလဲ လက်နက်ကြီးကျတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

MNDAA နှင့်ပူးပေါင်းတိုက်ခိုက်နေသည့် BPLA ခေါင်းဆောင်တစ်ဦးလည်းဖြစ် တပ်မှူးလည်းဖြစ်သည့် မောင်ဆောင်းခကလည်း လားရှိုးမြို့တွင် စစ်ကောင်စီတပ်၏ လက်ကျန်နေရာတချို့ကို အပြီးသတ်သိမ်းပိုက်ရန်နှင့် ထွက်ပြေးနေသည့် စစ်ကောင်စီတပ်များကို ဖမ်းဆီးရန်သာကျန်တော့သည်ဟု ယမန်နေ့က ၎င်း၏ လူမှုကွန်ယက်တွင် ဖော်ပြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကိုယ့်ကိုကိုယ် သမ္မတရာထူးပေးအပြီး နှစ်ရက်အကြာ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့တွင် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တို့ကို စွန့်လွှတ်လိုက်ရခြင်းဖြစ်သည်။

လားရှိုးမြို့အား မသိမ်းမီ နှစ်ရက်အလိုက လားရှိုးမြို့ရှိ စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီးအပါအဝင် တပ်သား (၃၀၀)ကျော် MNDAA ထံ လက်နက်ချအလင်းဝင်ခဲ့သည်။

#TachileikNewsAgency