ညောင်ရွှေမြို့နယ်တွင် PNO ပြည်သူ့စစ်နှစ်ဦးအား ပျားစစ်ကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ညောင်ရွှေမြို့နယ်တွင် PNO ပြည်သူ့စစ်နှစ်ဦးအား ပျားစစ်ကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
ဇူလိုင် 15, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပြည်သူ့စစ် တပ်ဖွဲ့ဝင်နှစ်ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပျားစစ်ကြောင်းမှ ဇူလိုင်လ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နန့်ဗွမ်ကျေးရွာ စစ်စခန်းမှ ဆိုင်ကယ်ဖြင့်ထွက်လာသည့် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦးအား ဇူလိုင်လ (၁၄)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် ပျားစစ်ကြောင်းမှ ပျောက်ကြားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ဦးလုံး သေဆုံးခဲ့ပြီး၊ ၎င်းတို့နှင့် အတူပါလာသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပျားစစ်ကြောင်းမှ ဆိုသည်။

လက်ရှိအချိန်တွင် PNO ပြည်သူ့စစ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ နန့်ဗွမ်ကျေးရွာတွင် စခန်းထိုင်အခြေပြုလျက်ရှိပြီး အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ SSRY၊ ပျားစစ်ကြောင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency