စစ်ကောင်စီတပ်က ငပလီကမ်းခြေရှိ မြပြင်ရပ်ကွက်ကို ဝင်ရောက်မွှေနှောက်ပြီး ဒေသခံများကိုဖမ်းဆီးကာ တပ်စွဲ

စစ်ကောင်စီတပ်က ငပလီကမ်းခြေရှိ မြပြင်ရပ်ကွက်ကို ဝင်ရောက်မွှေနှောက်ပြီး ဒေသခံများကိုဖမ်းဆီးကာ တပ်စွဲ

ရခိုင်ပြည်နယ် ငပလီကမ်းခြေရှိ မြပြင်ရပ်ကွက်ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့ ညပိုင်းက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ဒေသခံများအားဖမ်းဆီးကာ နေအိမ်များအတွင်းဝင် ရောက်တပ်စွဲ၍ မွှေနှောက်နေခြင်းကြောင့် ဒေသခံများထွက်ပြေးရကြောင်း သိရသည်။ 

ငပလီနှင့် ဂျိတ္တောရပ်ကွက်ကြားရှိ မြပြင်ရပ်ကွက်ကို ဂျိတ္တောတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် မောင်ရွှေလေးရေတပ်စခန်းမှ စစ်ကောင်စီတပ်သား အင်အား(၂၀၀)ဝန်းကျင်က ဝင်ရောက်လာပြီးနောက် ဒေသခံအများအပြားကို ကြိုးတုပ်ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ နေအိမ်များအား ဝင်ရောက်မွှေနှောက်တပ်စွဲခြင်းများ လုပ်ဆောင်ခြင်းကြောင့် ဒေသခံများထွက်ပြေးရသည်ဟု သိရသည်။ 

“ဂျိတ္တောရပ်ကွက် ဆရာစံလမ်းကနေ စစ်ကောင်စီတပ်တွေ မြပြင်ဘက်ကို တက်လာတာ။ ပြီးတော့ ဒေသခံတွေကို ထိုးကြိတ်ကန်ကျောက်တာတွေလုပ်တယ်။ လမ်းပေါ်မှာရှိတဲ့ ယောကျ်ားလေးမှန်သမျှ တွေ့တဲ့လူ အကုန်ဖမ်းတယ်။ ပြန်လွတ်လာသူတွေလည်းရှိတယ်။ ရေတပ်က တက်လာတဲ့ကောင်တွေနဲ့ ဂျိတ္တောမှာတပ်စွဲထားတဲ့ကောင်တွေကလုပ်တာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်က မြပြင်ရပ်ကွက်အတွင်း တွေ့ရှိသူမှန်သမျှကို ကြိုးတုပ်ဖမ်းဆီးတပ်စွဲခြင်း၊ ဒေသခံများပိုင် ဆီ၊ ဆန်နှင့် ကုန်စည်များကို ယူဆောင်ခြင်း၊ နေအိမ်များအားမွှေနှောက်ခြင်းကြောင့် ဒေသခံများလည်း ကြောက်လန့်ထွက်ပြေးကြရသည်ဟု ဆိုသည်။

“နေအိမ်တွေဝင်မွှေတယ်။ ဆန်တွေ၊ ဆီတွေယူတယ်။ သာယာကွင်းဘက်ကနေ ရောက်နေတဲ့ ကောင်လေး (၃)ဦးကိုလည်း ကြိုးတုပ်ဖမ်းသွားတယ်။ ပြန်မလွတ်သေးဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဂျိတ္တောမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒေသခံတစ်ယောက်ကို  စက်ဘီးနဲ့လမ်းမှာတွေ့တော့ လှမ်းခေါ်ပြီးဖမ်းသွားတယ်။ အခုတော့ ပြန်လွတ်လာပြီ။ မနေ့က တက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ဈေးဆိုင်တွေကိုလည်း တံခါးတွေကန် ကျောက်ဖွင့်၊ မှန်တွေကွဲ၊ သူတို့လိုချင်တာယူ၊ မလိုချင်တာ ဒီအတိုင်းထားခဲ့ အဲဒီလိုလုပ်သွားကြတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြပြင်ရပ်ကွက်နှင့် လင်းသာရပ်ကွက်ရှိ စစ်ကောင်စီ၏ လူရည်ချွန်စခန်းတွင် အာရက္ခတပ်တော်(AA)က တပ်စွဲသည်ဆိုသည့် သတင်းကြောင့် စစ်ကောင်စီတပ်က ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင်လည်း သံတွဲ-ဂွလမ်းပေါ်ရှိ သံတွဲမြို့နှင့် (၄)မိုင်ခန့်အကွာ ပဒဲကောကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနှင့်ပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ထိမှန်သဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ 

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးသည် ပဒဲကောအဝင် တံတားအကျော် အုန်းရည်ဆိုင်အနီးသို့ကျကာ အမျိုးသမီးတစ်ဦးအား လက်နက်ကြီးအစ လည်ပင်းဖောက်ဝင်ဒဏ်ရာ၊ ဝမ်းဗိုက်ပွင့်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

အလောင်းကို သယ်ဆောင်နိုင်ခြင်းမရှိသေးဘဲ ဒေသခံများလည်း ရွာလုံးကျွတ် တိမ်းရှောင်နေကြရသည်ဟု သိရသည်။

လက်ရှိတွင် AAသည် စစ်ကောင်စီတပ်၏ ခမရ(၅၆၆) တပ်စခန်း၊ လေဆိပ်တို့ကို သိမ်းထားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်မရှိခဲ့သည့် ပျူစောထီးတပ်များအပါ စစ်ကောင်စီတပ်ရင်း(၁၀)ရင်းကျော်ကိုလည်း သံတွဲတွင် တိုက်ခိုက်နေရသဖြင့် မြို့သိမ်းတိုက်ပွဲသည် ခက်ခဲနေခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency