ချင်းတွင်းမြစ်ရေမြင့်တက်ကာ မြစ်ကမ်းဘေးရွာများ ရေမြှုပ်နေ

ချင်းတွင်းမြစ်ရေမြင့်တက်ကာ မြစ်ကမ်းဘေးရွာများ ရေမြှုပ်နေ

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများ ချင်းတွင်းမြစ်ရေမြင့်တက်နေသဖြင့် ရေမြှုပ်နေကာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

"ပြောရမယ်ဆို မြစ်ကမ်းဘေးနီးတဲ့ရွာတွေ တောက်လျှောက်ပါပဲဗျ။ တရွာမှမလွတ်ဘူး။ ရေကြီးတာလည်းမြန်တယ်။ ရေမဝင်တဲ့ ကုန်းမြင့်တဲ့ရွာတွေမှာ ပြောင်းရွှေ့ကြတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။



 

ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ (၇)ရက်နေ့က စတင်မြင့်တက်လာပြီး ဆားလင်းကြီးဒေသ ချင်းတွင်းမြစ်ကမ်းတလျောက်ရှိ ကျေးရွာများ ရေနစ်မြှုပ်နေခြင်းဖြစ်သည်။

"ရေကမကျဘူး။ ထပ်ကြီးမယ့် အခြေအနေပါ။ ဒီလိုရေမဝင်တာ (၉)နှစ်လောက်ရှိပြီ။ မိုးလည်းမရွာဘူး။ မိုးခေါင်နေပြီး ရေကြီးနေတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကချင်ပြည်နယ်တွင် မြစ်ရေကြီးကာ နေအိမ်များနစ်မြှုပ်ခဲ့ပြီး အဆိုပါမြစ်ရေသည် ချင်းတွင်းမြစ်အတွင်း စီးဝင်လာရာက စစ်ကိုင်းတိုင်းအတွင်း ရေကြီးခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း