လားရှိုးမြို့အနီး တိုက်ပွဲဆက်ဖြစ်ကာ မြို့တွင်းသို့ လက်နက်ကြီးထပ်ကျ၍ ဒေသခံများ ထိခိုက်သေဆုံး

လားရှိုးမြို့အနီး တိုက်ပွဲဆက်ဖြစ်ကာ မြို့တွင်းသို့ လက်နက်ကြီးထပ်ကျ၍ ဒေသခံများ ထိခိုက်သေဆုံး
ဇူလိုင် 7, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ရပ်ကွက်(၇)၊ ကွက်သစ်ဖက်သို့ ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့ ညနေပိုင်းတွင် လက်နက်ကြီးကျသည်ဟု သိရသည်။

"လက်နက်ကြီးကျတာ နေအိမ်လည်းမီးလောင်တယ်။ အရေးပေါ်ကားတွေလည်းလာနေတာတွေ့ရတယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယနေ့တွင် မန်အိုင်ဘက်၌ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်သံများ ဆက်တိုက်ကြားနေရသည်ဟု ဆိုသည်။

"မန်အိုင်က ရပ်ကွက်(၅)နဲ့နီးတယ်။ ဒေသခံတွေလည်း မထွက်ရဲတဲ့ အခြေအနေဖြစ်နေတယ်။ ဒီနေ့တိမ်းရှောင်တဲ့သူတွေလည်း မယ်ဟန်ဂိတ်မှာ တိုက်ပွဲဖြစ်တယ်ဆိုပြီး ပိတ်လိုက်လို့ ကားတွေပိတ်တယ်။ တချို့ဆို လားရှိုးမြို့တွင်းကို ပြန်လာကြရတယ်။"ဟု ဒေသခံတစ်ဦး ကပြောသည်။

လားရှိုးမြို့တွင်း အင်တာနက်များ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းများ ကြုံတွေ့နေရပြီး မြို့တွင်းသို့ လက်နက်ကြီးများကျကာ ဒေသခံများ ထိခိုက်သေဆုံးခြင်း၊ နေအိမ်များ မီးလောင်ပျက်စီးခြင်းများ ဆက်လက်ဖြစ်နေသည်ဟု သိရသည်။ 

"ရပ်ကွက်(၅)နဲ့ ရက်ကွက်(၇) ဘက်တွေပေါ့ တိုက်ပွဲဖြစ်နေတာ။ လက်နက်ကြီးတွေက ရပ်ကွက်တွေထဲကျတော့ ပြေးကြတဲ့သူတွေ ပြေးကြရတာပဲ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ပြောဆိုချက်အရ အထက်မန်အိုင်၊ ခလရ (၆၈)တို့တွင် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျည်များ မြို့တွင်းသို့ကျကာ ဒေသခံ(၃)ဦးသေဆုံးသည်ဟု ပြောဆိုသည်။

#TachileikNewsAgency