တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ပြီး ခိုအောင်းနေထိုင်နေကြသည့် တရုတ်နိုင်ငံသား (၁၃)ဦးကို ထပ်မံ ဖမ်းမိ

တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ပြီး ခိုအောင်းနေထိုင်နေကြသည့် တရုတ်နိုင်ငံသား (၁၃)ဦးကို ထပ်မံ ဖမ်းမိ

 တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ပြီး ခိုအောင်းနေထိုင်နေကြသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသားများကို ရှာဖွေ ဖမ်းဆီးနေလျှက်ရှိရာ နောက်ထပ်(၁၃)ဦးကို တော်ကော့(အတွင်း)၌ ထပ်မံ ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(အတွင်း) နေအိမ်အမှတ် (တကက-၁၀/၂၅)နေအိမ်တွင် ၂၀၂၄ခုနှစ် ဇူလိုင်လ(၂)ရက်နေ့အကူးပိုင်းအချိန်က တရုတ်နိုင်ငံသား စုစုပေါင်း (၁၃)ဦးကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

စစ်တပ်နှင့်ရဲတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က အဆိုပါ နေအိမ်အတွင်း ဝင်ရောက် ရှာဖွေဖမ်းဆီးရာ တရုတ်နိုင်ငံသား (၁၃)ဦးကို လက်ကိုင်ဖုန်းများ အပါအဝင် ထိုင်းဘတ် နှင့် တရုတ်ငွေများဖြင့် ဖမ်းဆီးရမိပြီး ၎င်းတို့အား ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်းရှိ တရုတ်နိုင်ငံသားများအား ခေတ္တထိန်းသိမ်းထားသည့် နေရာတွင် ထားရှိပြီး စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသားများကို အဓိက အားဖြင့်  တပ်က ဦးဆောင်ပြီး ဖမ်းဆီးနေခြင်းဖြစ်ကြောင်း နှင့်  ကျားဖြန့်လုပ်ငန်းများ နှင့် အထောက်အထားမဲ့ တရုတ်နိုင်ငံသားများကိုသာ ဦးစားပေး စီမံချက်အနေဖြင့် ဖမ်းဆီးနေခြင်းဖြစ်သော်လည်း အွန်လိုင်းလောင်းကစား လုပ်ငန်းများကို ဖမ်းဆီးရန် အစီအစဉ်မရှိသေး၍ စိုးရိမ်စရာမလိုကြောင်း  တပ်ဘက်က အသိပေးထားသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများနှင့် ဆက်စပ်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးနေလျှက်ရှိရာ ၎င်းတို့အား နေအိမ်ငှားရမ်းပေးထားသူများကိုလည်း ထိရောက်စွာ အရေးယူမည်ဟု အသိပေးထားရှိသည်။

တာချီလိတ်မြို့တွင် ယခုနှစ် ဇွန်လ(၂၈)ရက်နေ့ကလည်း ပါဆတ်ရပ်ကွက် လွန်းကျိုင်းတွင် တရုတ်နိုင်ငံသား အမျိုးသား (၂၈၈)ဦး နှင့် အမျိုးသမီး (၇)ဦး စုစုပေါင်း (၂၉၅)ဦးကို ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ တရုတ်ငွေ၊ ထိုင်းဘတ်ငွေများစွာဖြင့် ဖမ်းဆီးရမိသည်များ ရှိခဲ့ကြောင်း သိရသည်။