Tachileik News Agency
*********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့်ဆေးဆိုင်များ ကောင်းမွန်သော ကျင့်စဉ်များနှင့်အညီ ရောင်းချစေရေးအတွက် ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၄) ရက် နေ့တွင် လာရောက်တွေ့ဆုံ ဆွေးနွေးသည်။
တာချီလိတ်မြို့နယ်အတွင်း ဆေးဝါးရောင်းချခွင့်ပြုထားသည့် ဆိုင်ပေါင်း (၆၇)ဆိုင်ရှိပြီး အဆိုပါ ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ၊ FDA မှတ်ပုံမတင်သည့်ဆေးဝါးများ၊ ရောင်းချခွင့်မရှိသည့် ဆေးဝါးများ ရောင်းချခြင်းရှိမရှိကို ခရိုင် FDA နှင့် စားသုံးသူရေးရာဦးစီးဌာနတို့က စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ခံဝန်ကတိရေးထိုးခိုင်းမှုများရှိသော်လည်း ဆေးဝါးဥပဒေအရ အရေးယူခံရသည့်ဆိုင် မရှိသေးကြောင်း သိရသည်။
ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နဲ့အညီ ရောင်းချရေးနှင့် အမျိုးသားဆေးဝါးဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ပြည်သူ့ဆေးရုံဟောင်းအတွင်းရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် ကျင်းပရာ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းနှင့် ခရိုင်၊ မြို့နယ်အဆင့် ကျန်းမာရေးဝန်ထမ်းများး၊ တာချီလိတ်မြို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တာချီလိတ်မြို့နယ်အတွင်းရှိ ဆေးဆိုင်ပိုင်ရှင်များ တက်ရောက်ကြသည်။
Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း