တာချီလိတ်တွင် ဖေါက်လုပ်ဆဲ မြို့ရှောင်လမ်းသစ်ဘေး မြေဖို့အကွက်ရိုက်နေသူများကို ခေါ်ယူဆွေးနွေး

တာချီလိတ်တွင် ဖေါက်လုပ်ဆဲ မြို့ရှောင်လမ်းသစ်ဘေး မြေဖို့အကွက်ရိုက်နေသူများကို ခေါ်ယူဆွေးနွေး
ဇန်နဝါရီ 29, 2020
By Tachileik News Agency

တာချီလိတ်တွင် ဖေါက်လုပ်ဆဲ မြို့ရှောင်လမ်းသစ်ဘေး မြေဖို့အကွက်ရိုက်နေသူများကို ခေါ်ယူဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စတင်ဖေါက်လုပ်နေဆဲ အရှေ့မြို့ရှောင်လမ်း၏ ဘေးဝဲယာ တစ်လျှောက်တွင် စိုက်ပျိုးမြေများကို မြေဖို့ပြီး မြေကွက်ရိုက်နေမှုများရှိနေသည့်အတွက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့တွင် မြေရှင်များကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူသတိပေးထားသည်။

"သူတို့က လမ်းဖောက်လုပ်ရေးမှာ ကူညီထားတဲ့ တောင်သူတွေဖြစ်တဲ့အတွက် သူတို့ဆောက်လုပ်ချင်တယ် ဆိုရင် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနဲ့အညီ ကျွန်တော်တို့ ကူညီပေးပါမယ်ဆိုတာ ခေါ်ပြီး ပြောပြခြင်း ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆောင်ရွက်မယ်ဆိုရင် ဥပဒေနဲ့အညီ ဆက်လက်ပြီး အရေးယူ ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း ခေါ်ပြီးရှင်းလင်းပြောကြားတာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ အရှေ့မြို့ရှောင်လမ်းဖောက်လုပ်နေမှုကို ကွင်းဆင်းစစ်ဆေးချိန်တွင် လမ်းဘေးဝဲယာရှိ စိုက်ပျိုးမြေများ၌ မြေဖို့နေမှုများ၊ အကွက်ရိုက်ခြံခတ်နေမှုများ စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် မြေပိုင်ရှင် (၄၄) ဦးကို ခေါ်ယူတွေ့ဆုံပြီး ခွင့်ပြုချက်မဲ့ မြေဖို့အကွက်ရိုက်မှုများ ထပ်မံမပြုလုပ်ရန် ခံဝန်ကတိ ရေးထိုးစေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှောင်လမ်းကို မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားအနီးမှ ဦးထွန်းအောင်ဂိတ်အထိ မယ်ဆိုင်ချောင်းတစ်လျှောက် (၄) မိုင်အရှည် ဖောက်လုပ်မည်ဖြစ်ပြီး လမ်းနယ်အကျယ် (၈၄) ပေ၊ မြေသားတာဘောင် အကျယ် (၄၀) ပေ၊ ကွန်ကရစ်လမ်းအကျယ် (၂၃) ပေဖြင့် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှောင်လမ်းဖေါက်လုပ်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်း (၁၃၄၃)ကို ခွင့်ပြုပေးထားခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၁)ရက်နေ့မှစ၍ လမ်းဖေါက်လုပ်ခြင်းလုပ်ငန်း စတင်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~