စစ်ကောင်စီ ဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသားကို အမြန်ဆုံး ပြန်လွှတ်ရေး ဂျပန်အစိုးရ ကြိုးစားနေ

စစ်ကောင်စီ ဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသားကို အမြန်ဆုံး ပြန်လွှတ်ရေး ဂျပန်အစိုးရ ကြိုးစားနေ

 ဆန်ဈေးတင်ရောင်းချသည်ဟုဆိုကာ ဂျပန်စူပါမားကတ် Aeon Orange ၏ ဒါရိုက်တာ ဂျပန်နိုင်ငံသားအား ဖမ်းဆီးထိန်းသိမ်းထားရာမှ အမြန်ဆုံးပြန်လွှတ်ပေးရန် ဂျပန်သံရုံးက တောင်းဆိုလိုက်သည်။

ထိန်းသိမ်းခံထားရသည့် ဂျပန်နိုင်ငံသားနှင့်ပတ်သက်၍  မြန်မာစစ်ကောင်စီမှ တာဝန်ရှိသူများအနေဖြင့် တရားဝင်ထုတ်ပြန်ချက် စောလျင်စွာထုတ်ပြန်ပြီး ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်ရန် ဂျပန်အစိုးရက တိုက်တွန်းထားသည်ဟု ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ Yoshimasa Hayashi က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်ဟု သိရသည်။

အသက် ၅၃ နှစ်အရွယ် ဂျပန်နိုင်ငံသား Mr.Hiroshi Kasamatsu နှင့် အခြားမြန်မာနိုင်ငံသား (၁၀)ဦးတို့ကို ၎င်းတို့ သတ်မှတ်ထားသည့် ဆန်ဈေးထက် အဆမတန်ဈေးတင်ရောင်းသည်ဟု စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားကြောင်း ဂျပန် Aeon ကုမ္ပဏီတာဝန်ရှိသူက အတည်ပြုထားသည်။

ဖမ်းဆီးထိိန်းသိမ်းခံထားရသည့် ဂျပန်နိုင်ငံသားမှာ စစ်ဆေးခံနေရသည်ဟု ယုံကြည်ရပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်နေသည်ဟု ၎င်းနှင့်တွေ့ဆုံခဲ့သည့် ရှေ့နေကို ကိုးကား၍ ဂျပန်သံရုံးက ကျိုဒိုသတင်းဌာနကို ပြောကြားထားသည်။

Aeon က ''မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးရဲ့ ပံ့ပိုးကူညီမှုနဲ့ စုံစမ်းစစ်ဆေးမှုတွေကို အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ'' ဟု မှတ်ချက်ပေးခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကလည်း ဖမ်းဆီးခံထားရသည့် ဂျပန်နိုင်ငံသား လွတ်မြောက်ရေး လိုအပ်သည့် ပံ့ပိုးမှုများ လုပ်ဆောင်နေသည်ဟု ကျိုဒိုသတင်းတွင် ဖေါ်ပြသည်။

ဂျပန်လုပ်ငန်းခွဲတစ်ခုအဖြစ် Aeon Orange သည် ပြည်တွင်းရှိ Creation Myanmar Group of Companies နှင့် ၂၀၁၆ ခုနှစ်မှစ၍ ဖက်စပ်လုပ်ကိုင်နေခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဂျပန်ဖက်စပ်လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူအား ဖမ်းဆီးထိန်းသိမ်းမှုမှာ မြန်မာပြည်တွင်းရှိ ဂျပန်နှင့်ဆက်စပ် လုပ်ငန်းများအပေါ်လည်း ရိုက်ခတ်မှုများရှိလာသည်။

ဂျပန်နိုင်ငံသည် အာဏာသိမ်းစစ်တပ်နှင့် အကျိုးစီးပွား တိုက်ရိုက်၊ သွယ်ဝိုက်ဆက်စပ်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား အနောက်နိုင်ငံများကဲ့သို့ ပိတ်ဆို့မှုမပြုလုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်း နိုင်ငံတဝန်း ဘက်ပေါင်းစုံမှ ချွတ်ခြုံကျလာမှုကြောင့် ဖြစ်ပွားလာသည့် ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကို  စစ်ကောင်စီက ဈေးနှုန်းသတ်မှတ်ခြင်းဖြင့် အခြေအနေထိန်းရန် ကြိုးစားနေသည်ကို တွေ့နေရခြင်းဖြစ်သည်။

 

Source: Kyodo News