ဘုတလင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၄၀)နီးပါး သေဆုံးပြီး (၄၃)ဦးကို အရှင်မိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

ဘုတလင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၄၀)နီးပါး သေဆုံးပြီး (၄၃)ဦးကို အရှင်မိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် ကူတော်ရဲစခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား တော်လှန်ရေးတပ်များက ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃၅)ဦး သေပြီး (၄၃)ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့က တော်လှန်ရေးတပ်များ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

ကူတော်ရွာရှိ စစ်ကောင်စီတပ်စခန်းကုန်းကို ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့တွင် တော်လှန်‌ရေးတပ်ပေါင်းစုများက စခန်းသိမ်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာဖြင့် လေကြောင်း ပစ်ကူ (၁၂)ကြိမ် တိုက်ခိုက်ခဲ့ပြီး ဘုတလင်မြို့မှလည်း အင်အား (၈၀)ကျော် စစ်ကူပို့ခဲ့သဖြင့် တော်လှန်ရေးတပ်များ ဆုတ်ခွာပေးခဲ့ရကာ BOB တပ်ရင်းမှ ရဲဘော်(၁)ဦးနှင့် အခြားမဟာမိတ်အဖွဲ့မှ (၁)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

စက်တင်ဘာလ(၃၀)ရက်နေ့တွင် ဘုတလင်မြို့နယ် ကူတော်ရွာရှိ စစ်ကောင်စီတပ်စခန်းကုန်းသို့ စစ်ကူလာခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဘုတလင်မြို့သို့ ပြန်လည်ဆုတ်ခွာလာရာ တော်လှန်ရေးတပ်ပေါင်းစုများက ဘုတလင်-ကူတော်လမ်းပိုင်း၌ (၅)နာရီကြာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲသို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းပစ်ကူ အပြင်းအထန် တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်သား (၄၃)ဦးကို အရှင်ဖမ်းမိကာ (၃၅)ဦး သေဆုံးပြီး ပစ္စတို (၁)လက်၊ လက်နက်ငယ် (၅၄)လက်၊ (၆၀)မမ စိန်ပြောင်း (၂)လက်၊ ဒရုန်း (၃)စီး၊ ဂျန်မာစက် (၂)လုံးနှင့် ဆက်စပ်ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

“တိုက်ပွဲကာလအတွင်းကိုပဲ ဂျက်ဖိုက်တာနဲ့ (၉)ကြိမ်တိုက်ခိုက်တယ်။ အခုကတော့ နယ်မြေရှင်းလင်းရေးလုပ်နေတယ်။ ကူတော်ရဲစခန်းကနေ ဘုတလင်မြို့ဘက်ကို ပြန်ခေါ်လာတာ။ ဒီကောင်တွေက ကူတော်ဘေးပတ်ဝန်းကျင်ကရွာတွေကို လိုက်လံခိုးနေတာ။”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက  Tachileik News Agency ကို အောက်တိုဘာလ (၂)ရက်နေ့တွင် ပြောသည်။

တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၂၀) တပ်ရင်း၊ ULF ယင်းမာပင်တပ်ပေါင်းစုစစ်ကြောင်း၊ ဘုတလင်မြို့နယ် ပကဖ၊ SAF‌ (ကျောင်းသားတပ်)၊ BMT (ဘုတလင်မိုဘိုင်းလ်တီးမ်)၊ FRF၊ မုံရွာခရိုင် ဗျူဟာ ‌‌‌‌‌၆၆(၁၉၊၂၁၊၂၆)၊ ‌‌PLA တပ်၊ BLDF၊ 96 Soldiers၊ ရွှေဘိုခရိုင် တပ်ရင်း(၉၊၁၂)၊ ရေဦး၊ ဒီပဲယင်း ပကဖ‌များ၊ ဘုတလင်မြို့နယ် ပလဖ၊ KUGF(ခင်ဦး)၊ ပြည် သူ့လူမိုက် လိုကယ်လ်အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(၈)၊ Golden Brothers Local၊ အရာတော်နှင့် မိတ္ထီလာ ဒရုန်းအဖွဲ့ များ၊ ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊ UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ ချင်းတွင်း ဘရားသား ဒရုန်းအဖွဲ့နှင့်အတူ တ ခြားမဟာမိတ်အဖွဲ့များ ပေါင်းစည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



#TachileikNewsAgency

Photo: Budalin Mobile Team-BMT