သံတွဲကို စစ်ကောင်စီဗုံးကြဲရာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

သံတွဲကို စစ်ကောင်စီဗုံးကြဲရာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

ရခိုင်ပြည်နယ် သံတွဲမြို့အထွက် ရွှေကျောင်းပြင်ရွာနှင့် အံတော်ရပ်ကွက်တို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၉)ရက်နေ့ ညနေပိုင်းက ဗုံးကြဲရာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွှေကျောင်းပြင်ရွာ ဂျိက္ကတောင်အပိုင်းနှင့် အံတော်ရက်ကွက် အောင်မြေသာစည်ဘုန်း ကြီးကျောင်းအနီးတို့ကို ဗုံးကြဲချခြင်းဖြစ်ကြောင်း သိရသည်။

"ရွှေကျောင်းပြင်ရွာကို ဗုံးကြဲတာ ဂျိက္ကတောင်ပိုင်းက ဂျိက္ကတောင်ဘုန်းကြီးကျောင်း မီးလောင်သွားတယ်။ ဘုန်းကြီးကျောင်းဘေးက နေအိမ်(၁၀)လုံးလောက် ပျက်စီးသွားတယ်။ လူတွေက ဖြစ်ကတည်းက ရှောင်နေတော့ မထိဘူး။ ဘုန်းကြီးလည်း ပြေးရတာပဲ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရွှေကျောင်းပြင်ရွာသည် သံတွဲ-ကင်းမော်ကားလမ်းပေါ်တွင်ရှိပြီး အံတော်ရပ်ကွက်မှာ သံတွဲ-တောင်ကုတ်ကားလမ်းပေါ်တွင်ရှိသည်ဟု သိရသည်။

"အံတော်မှာက မြို့အထွက် ရောင်ခြည်ဦး MPT ဆိုင်နား၊ အောင်မြေသာစည်ဘုန်းကြီးကျောင်းနားကို ဗုံးကြဲတာ။ အဲဒါက လက်နက်ကြီးအထိုင်စခန်း ဘားတောင်နားမှာ။ အပျက်အစီး ရှိ၊ မရှိတော့ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲတိုက်ပွဲအခြေအနေကြောင့် မြို့နေဒေသခံများသည် ကြိုတင်တိမ်းရှောင်နေကြပြီဖြစ်ကာ ပြီးခဲ့သည့် ဇွန်လ(၃)ရက်နေ့က ရွှေကျောင်းပြင်ရွာအား ဗုံးကြဲမှုတွင် အရပ်သား(၂)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရှိပြီး နေအိမ်အများအပြား ပျက်စီးသွားသည်။

လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် ငပလီရှိ ခမရ(၅၆၆)၊ ခလရ(၅၅)တပ်တို့ကို တိုက်ခိုက်နေပြီး ယခုဗုံးကြဲခံရသည့်နေရာများမှာ သံတွဲမြို့နှင့် (၄)မိုင်ခန့်ဝေးသည့် နေရာများဖြစ်သည်။

#TachileikNewsAgency