စစ်ကောင်စီပစ်ခတ်မှုကြောင့် ဒေသခံများသေဆုံးဒဏ်ရာရ

စစ်ကောင်စီပစ်ခတ်မှုကြောင့် ဒေသခံများသေဆုံးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် ယနေ့  ၂၀၂၄ ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၃)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက် (၂)ရှိ နေအိမ်တစ်အိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ အသက်(၆၀)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၅၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နောင်ချိုမြို့၌ ညနေပိုင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ရပ်ကွက် (၄)ရှိ အသက်(၂၇)နှစ်အရွယ် ကျော်နန္ဒာဦး၏ ခြေထောက်တစ်ဖက် ထိမှန်ဆုံးရှုံးသွားခဲ့သည်ဟု သိရသည်။

ထို့အပြင် နောင်ချိုမြို့ ရပ်ကွက်(၄)တွင်နေထိုင်သည့် အသက် (၂၃)နှစ်အရွယ် မချယ်ရီထိန်းဆိုသူနှင့် အသက် (၁၆)နှစ်အရွယ် မထက်ရီဝင်းဆိုသူ အမျိုးသမီးနှစ်ဦးသည် ဆိုင်ကယ်မောင်းနေစဥ် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်ဟု သိရသည်။

မိုးကုတ်မြို့အနောက်ပိုင်း ကသဲရပ်တွင်လည်း နေ့လယ်ပိုင်းတွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦးထိမှန်သေဆုံးသွားသည်ဟု သိရသည်။

ထို့အပြင် မိုးမိတ်မြို့ ဖဒန်ရွာ၌လည်း နေ့လယ်ပိုင်းက စစ်ကောင်စီမှ ဒရုန်းဖြင့်တိုက်ခိုက်ရာ အရပ်သားနေအိမ် (၂)လုံးထက်မနည်း ထိခိုက်ပျက်စီးသည်ဟု သိရသည်။

ယမန်နေ့ ဇွန်လ (၂၆)ရက်နေ့ကလည်း ကျောက်မဲတွင် စစ်ကောင်စီ၏ လေကြောင်တိုက်ခိုက်မှုကြောင့် အရပ်သား(၄)ဦး သေဆုံးပြီး (၁၅)ဦးဒဏ်ရာရရှိသည်။

ဇွန်လ (၂၅)ရက်နေ့တွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၂)ဦးသေဆုံးပြီး (၅)ဦးထိခိုက်ဒဏ်ရာရသည့်အပြင် ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်ရှိ အောင်မြေသာယာဘုန်းကြီးကျောင်းနှင့် ဘုန်းကြီးပညာရေးကျောင်း ထိခိုက်ပျက်စီးသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News