သံတွဲဘေးကပ်လျက် ရွှေကျောင်းပြင်ရွာကို လက်နက်ကြီး၊ လေကြောင်းတို့မှ ပစ်ခတ်ဖျက်ဆီးမည်ဟု စစ်ကောင်စီတပ်ပြောဆိုကာဗုံးကြဲနေ

သံတွဲဘေးကပ်လျက် ရွှေကျောင်းပြင်ရွာကို လက်နက်ကြီး၊ လေကြောင်းတို့မှ ပစ်ခတ်ဖျက်ဆီးမည်ဟု စစ်ကောင်စီတပ်ပြောဆိုကာဗုံးကြဲနေ

ရခိုင်ပြည်နယ် သံတွဲမြို့ ဘေးကပ်လျက် ရွှေကျောင်းပြင်ရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် လက်နက်ကြီးနှင့် လေကြောင်းတို့မှ ဗုံးကြဲမည်ဟုပြောဆိုကာ ဗုံးကြဲနေကြောင်း ဒေသခံများထံမှ သိရသည်။

“အခုနေ့လယ်ပိုင်းမှာ လေယာဉ်ကနေ ဗုံးနှစ်လုံးထပ်ကြဲတယ်။ ရွှေကျောင်းပြင် အနောက်ပိုင်း တစ်လုံးကျတယ်။ အရှေ့ပိုင်း တစ်လုံးကျတယ်။ လမ်းပေါ်ကနေအိမ်တွေလည်း ထိတယ်။ လူတော့မထိဘူး။ စစ်ကောင်စီတပ်က ဗုံးကြဲမယ်ဆိုပြီး သတင်းကထွက်နေတာ။ စစ်တပ်ထောက်ခံသူတွေက ပြောနေကြတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က ယမန်နေ့  ၂၀၂၄ ခုနှစ် ဇွန်လ (၂၂)ရက်နေ့ ညပိုင်းကစတင်၍ ဗုံးကြဲတိုက်ခိုက်နေရာ ဂျိက္ကတောင်ပိုင်းရှိ နေအိမ် (၂)လုံးပျက်စီး၊ ဒေသခံ(၂)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရကာ သံတွဲခရိုင်ဆေးရုံကို တင်ထားရသည်။

စစ်တပ်ထောက်ခံသူတစ်ဦးကမူ “မနေ့ကတော့ AA အစည်းအဝေးလုပ်တယ် ထင်တဲ့နေရာကို ကြဲတာ။ တိုက်ပွဲမဖြစ်ဘူး။ အခုရွာဘက်ကို တအားပစ်နေတယ်။ နေ့လယ်လောက်ဆို လက်နက်ကြီး၊ လေကြောင်းက လာပစ်မယ်လို့ပြောတယ်။ AAတွေရွာမှာ ခိုနေလို့ပစ်တာ။ ကိုယ့်အိမ်တွေပျက်စီးလည်း ကံတရားပေါ့။ မတတ်နိုင်ဘူး။”ဟု ဆိုသည်။

ရွှေကျောင်းပြင်ရွာသည် သံတွဲမြို့နှင့် ဘေးချင်းကပ်လျှက်တွင်ရှိကာ အိမ်ခြေ(၁၅၀၀) ဝန်းကျင်ရှိ ရွာကြီးဖြစ်သည့်အပြင် သံတွဲ -ကင်းမော်လမ်းပိုင်းပေါ်၌ရှိပြီး လက်ရှိတွင် ဒေသခံများသည် ခြံပြင်၊ လက်ပံစုနှင့် သံတွဲမြို့အတွင်းသို့ တိမ်းရှောင်နေကြသည်ဟု သိရသည်။

"မနေ့ကဗုံးကြဲခံရတာ အကိုကြီးရဲ့ ယောက္ခမက အခြေအနေဆိုးနေတယ်။ အခုတော့ ခွဲခန်းဝင်နေတယ်။ အောက်ပိုင်းက လှုပ်မရတော့ဘူးပြောတယ်။ ဆရာဝန်က ရန်ကုန်ကိုအရေးပေါ်လွှတ်တယ်။ ဆေးကုစရိတ်နဲ့ သွားလာစရိတ်ဆို သိန်း(၃၀)ကျပ်လောက် ကုန်မယ်ပြောတယ်။ ကျွန်မတို့မှာ ငွေမရှိတော့ လူကိုဆုံးရှုံးရမလို ဖြစ်တယ်။ ကူညီပေးကြပါဦးရှင်။”ဟု ဒဏ်ရာရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

သံတွဲမြို့ပေါ်တွင် စစ်ကောင်စီ၏ မြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ ဘဏ်များနှင့် အကျဉ်းထောင်တို့ရှိသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့သည် သံတွဲမြို့နှင့် (၄)မိုင်ခန့်ဝေးသည့် ငပလီကမ်းခြေအနီးရှိ ခလရ(၅၅)၊ ခမရ(၅၅၆) တပ်တို့အနီးတို့တွင်လည်း တိုက်ပွဲဖြစ်နေသည်။

#TachileikNewsAgency