အွန်လိုင်း လောင်းကစား ဆလော့ဂိမ်း စွဲလမ်းနေသူ ရွှေဆိုင်ဝန်ထမ်း အမျိုးသမီးက ဂိမ်းဆော့ရန် ရွှေဆိုင်ကနေ တစ်နေ့ နည်းနည်းစီ ရွှေခိုးယူ

Photo: สนามข่าวเมืองปราการ
Photo: สนามข่าวเมืองปราการ
အွန်လိုင်း လောင်းကစား ဆလော့ဂိမ်း စွဲလမ်းနေသူ ရွှေဆိုင်ဝန်ထမ်း အမျိုးသမီးက ဂိမ်းဆော့ရန် ရွှေဆိုင်ကနေ တစ်နေ့ နည်းနည်းစီ ရွှေခိုးယူ
By Mr John

 ထိုင်းနိုင်ငံတွင် ဂိမ်းဆော့ရန် ရွှေထည်များ ခိုးယူရောင်းချသည့် ဆလော့ဂိမ်းစွဲနေသူ ရွှေဆိုင်ဝန်ထမ်း အမျိုးသမီးကို ဖမ်းမိ

 

ထိုင်းနိုင်ငံ ဆမွတ်ပရာကန်ပြည်နယ်တွင် ရွှေဆိုင်မှ ရွှေထည်များကို လအတန်ကြာ ခိုးယူရောင်းချနေသော အွန်လိုင်း ဆလော့ဂိမ်း စွဲလမ်းနေသူ ဆိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦးကို ဖမ်းမိခဲ့သည်။ 

ရွှေဆိုင်ပိုင်ရှင် အသက် (၄၈) နှစ်အရွယ် Chak Kamol Tantarasmee က လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းကို သက်သေအဖြစ် တင်သွင်း၍ Samrong Tai ရဲစခန်းတွင် အဆိုပါ ခိုးမှုကို တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ရွေဆိုင်ပိုင်ရှင် Chak က ဆိုင်ဝန်ထမ်း အမျိုးသမီး၏ ငွေသုံးစွဲမှုမှာ ပုံမှန်မဟုတ်ကြောင်း သတိပြုမိရာမှ နောက်ထပ် စုံစမ်းစစ်ဆေးရန် စီစဥ်ခဲ့သည်။

 ၎င်းက ရွှေဆိုင်၏ နောက်ထပ် ဆိုင်ခွဲတစ်ခုကို စီမံခန့်ခွဲနေသော အကိုဖြစ်သူထံ သွားရောက်ခဲ့ပြီး ထိုဆိုင်ခွဲတွင် ရွှေလာရောင်းခြင်းရှိ မရှိ စစ်ဆေးပေးရန် ပြောရာ ရွှေလာရောင်းမှုများ ရှိခဲ့ကြောင်း အကိုက အတည်ပြုခဲ့သည်။

ထို့နောက် Chak က ၎င်းဆိုင်မှ CCTV မှတ်တမ်းကို ပြန်လည်စစ်ဆေးခဲ့ရာ အသက် (၃၃) နှစ်အရွယ် ဆိုင်ဝန်ထမ်း Jiraporn Puangmalai က ရွှေထည်များကို သူမ၏ အင်္ကျီလက်ခေါက်ထဲတွင် သိုဝှက်၍ မကြာခဏ ခိုးယူနေကြောင်း ဖော်ထုတ်သိရှိရသည်။ 

ထို့နောက် ရဲတပ်ဖွဲ့က Jiraporn ကို Bang Ya Phraek ရပ်ကွက်ရှိ သူမ၏ နေအိမ်တွင် ဖမ်းဆီးခဲ့သည်။

ရဲတပ်ဖွဲ့က Jiraporn ကို စစ်ဆေးခဲ့ရာ (၆) လမှ (၇) လအတွင်း အလေးချိန် ဘတ် (၄၀) မှ ဘတ် (၅၀) (ထိုင်းနိုင်ငံတွင် ရွှေအလေးချိန်ကို ဘတ် (baht) ယူနစ်ဖြင့် ချိန်တွယ်ခြင်း ဖြစ်သည်) ဝန်းကျင်ရှိ ရွှေထည်များကို ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်။ 

Jiraporn က တစ်ကြိမ်လျှင် အလေးချိန် (၃) ဘတ်ရှိ ရွှေထည်တစ်ခုကို ခိုးယူကြောင်းနှင့် ထိုရွှေထည်ကို သူမ အလုပ်လုပ်နေသော ရွှေဆိုင်၏ ဒုတိယ ဆိုင်ခွဲတွင် ပြန်ရောင်းလေ့ရှိကြောင်း သိရသည်။

"ကျွန်မ ဘယ်လောက် ခိုးယူခဲ့သလဲ အတိအကျ မမှတ်မိနိုင်ပေမဲ့ ဘတ် (၄၀) ကနေ ဘတ် (၅၀) လောက်တော့ ရှိတယ်" ဟု Jiraporn က ပြောသည်။ 

Jiraporn က ရွှေထည်ကို ခိုးယူပြီး ချက်ချင်း ပြန်ရောင်းခဲ့ကြောင်းနှင့် ရရှိလာသော ငွေကို သူမ စွဲလမ်းနေသော အွန်လိုင်း ဆလော့ဂိမ်း (online slot game) ဆော့ရန်နှင့် အိမ်အသုံးစရိတ်အတွက် သုံးစွဲခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်။

မြန်မာနိုင်ငံတွင်လည်း အွန်လိုင်းဆလော့ဂိမ်း အပါအဝင် တရားမဝင် အွန်လိုင်းဂိမ်းမျိုးစုံကို ဆိုရှယ်မီဒီယာ၊ ဝက်ဘ်ဆိုက်များနှင့် အခြား နည်းလမ်းမျိုးစုံဖြင့် ကြော်ငြာနေကြသည်။ 

အွန်လိုင်းဆလော့ဂိမ်းဆော့သည့် အလေ့အထမှာလည်း မြန်မာလူထုကြား ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။ 

သို့သော် မြန်မာနိုင်ငံတွင် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ပတ်သက်၍ အရေးယူမှုများကို မတွေ့ရသလောက်ပင် ဖြစ်သည်။

 

Source: The Thaiger