မျှော်လင့်ချက်ကို မစွန့်လွှတ်သည့် မြန်မာပြည်သူလူထုကို ဂုဏ်ပြုကြောင်း အမေရိကန်က လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့ 

မျှော်လင့်ချက်ကို မစွန့်လွှတ်သည့် မြန်မာပြည်သူလူထုကို ဂုဏ်ပြုကြောင်း အမေရိကန်က လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့ 
ဇန်နဝါရီ 3, 2022 | နိုင်ငံတကာသတင်း

စစ်အာဏာရှင်၏ ကြောက်မက်ဖွယ်ရာနှိပ်စက်ကလူပြုမှုများကို ခံစားနေရသည့်တိုင် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုအတွက် မျှော်လင့်ချက်ကို မစွန့်လွှတ်ကြသည့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စု၏သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားပါဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

 

ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေးနှင့် မိမိတို့နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြသည့် မြန်မာပြည်သူလူထုကြီးကို မိမိတို့ဂုဏ်ပြု အပ်ပါသည်။ စစ်အာဏာရှင်၏ ကြောက်မက်ဖွယ်ရာနှိပ်စက်ကလူပြုမှုများကို ခံစားနေရသည့်တိုင် ပိုမိုကောင်းမွန်သောအနာဂတ်တစ်ခုအတွက်မျှော်လင့်ချက်ကို မစွန့်လွှတ်ကြသည့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စု၏သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားပါ။ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မတရားထိန်းသိမ်းထားသူများအားလုံးကို လွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်ကို မိမိတို့ ထပ်မံတောင်းဆိုပါသည်။

ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ဇန်နဝါရီ (၄) ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အတွက် မြန်မာပြည်သူများထံသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က လွတ်လပ်ရေးနေ့ဆုတောင်းသဝဏ်လွှာပေးပို့ထားသည်။