တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ (၁,၀၀၀)တန် ငွေစက္ကူအတုများ ပြန်လည် ပေါ်ပေါက်နေ

တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ (၁,၀၀၀)တန် ငွေစက္ကူအတုများ ပြန်လည် ပေါ်ပေါက်နေ
စက်တင်ဘာ 30, 2024 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ (၁,၀၀၀)တန် ငွေစက္ကူအတုများ ပြန်လည် သုံးစွဲမှု ရှိလာနေသည့်အတွက် ငွေကြေးလဲလှယ်သုံးစွဲသူများ သတိထားကြရန် ဒေသခံ အချင်းချင်း သတိပေးထားကြသည်။



"မနေ့က ဈေးထဲမှာ အသိတစ်ယောက် တစ်ထောင်တန် အတုမိသွားတယ်။ ရုတ်တရက်ကြည့်ရင်တော့ အတုလို့ မထင်မိဘူးတဲ့။ နောက်မှ အတုလို့ သိရတော့ အသိနောက်ကျသွားတယ် ပြောတယ်"ဟု ငွေအတုရရှိခဲ့သူ၏ မိတ်ဆွေတစ်ဦးက ပြောပြသည်။



ထိုင်းဘတ်ငွေ အတုနှင့်အစစ် ခွဲခြားရန် လွယ်ကူသော်လည်း ငွေအတု သုံးစွဲသူများမှာ ဈေးဝယ်ရာတွင် လူရှုပ်ချိန်ကို ရွေးပြီး ဝယ်လေ့ရှိကြောင်း သိရသည်။



"အတုနဲ့ အစစ်က ကိုင်ကြည့်ရင်တော့ သိသာပါတယ်။ ဒါပေမဲ့ ဈေးအရောင်းကျနေချိန် ရှုပ်နေတဲ့အချိန်ဆိုရင်တော့ ခံရမှာ။ အဲ့လို ငွေအတုနဲ့ သုံးတဲ့လူတွေကလည်း လူရှုပ်နေတဲ့အချိန်ဘဲ ရွေးပြီးလာကြ တာများတယ်"ဟု ဈေးသည်တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပြောသည်။



ထိုင်းဘတ်ငွေများနှင့် ပတ်သက်၍ အတု အစစ် ဝေခွဲမရပါက အလွယ်တကူ စစ်ဆေးကြည့်နိုင်ရန် မယ်ဆိုင်ဘက်တွင် အတုအစစ် စစ်ဆေးနိုင်သည့် ဘောပင််ဝယ်ယူပြီး စစ်ဆေးကြည့်နိုင်ကြောင်း ၎င်းက အကြံပြုထားသည်။



"အတု အစစ် စစ်လို့ရတဲ့ ဘောပင်ရှိတယ်။ မယ်ဆိုင်ဘက်မှာ ရောင်းတယ်။ အရင်က lotus မှာ ရတယ်။ အခုတော့ မယ်ဆိုင်က စာရေးကိရိယာရောင်းတဲ့ဆိုင်တွေမှာ ရနိုင်တယ်။ တစ်ချောင်းကို ဘတ်(၁၀၀)လောက်ရှိတယ်။ ဘောပင်နဲ့ခြစ်ကြည့်လို့ အညိုရောင်ပေါ်နေရင် အတု။ အညိုမပေါ်ရင် အစစ်ပါ။"ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့အထိ တချီလိတ်မြို့မဈေးအတွင်း နှင့် မြို့တွင်း ကုန်စုံဆိုင်အချို့ အပါအဝင် စားသောက်ဆိုင်အချို့၌ ထိုင်းဘတ်ငွေ (၁,၀၀၀)တန် ငွေစက္ကူအတုများကို လက်ခံရရှိနေခြင်းကြောင့် ဒေသခံအချင်းချင်း သတိထားနိုင်ကြရန် လူမှုကွန်ရက်တွင် အသိပေးမျှဝေထားကြသည်ကို တွေ့ရသည်။

 

တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ်အတွင်းကလည်း ထိုင်းဘတ်ငွေ စက္ကူအတု သုံးစွဲမှု တော်တော်များများ ကြုံတွေ့ခဲ့ရပြီးနောက် ယခု ၂၀၂၄ခုနှစ်တွင်လည်း အဆိုပါ ငွေစက္ကူအတုများ တကျော့ပြန် ပြန်ပေါ်လာခြင်း ဖြစ်သည်။

ငွေကြေးနှင့်ပတ်သက်၍ ကိုင်တွယ်ရသည့် စစစ(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)အနေဖြင့် တာချီလိတ်မြို့တွင် ငွေကြေးလဲလှယ်လုပ်ငန်းရှင်များကို အကြောင်းအမျိုးမျိုးပြကာ ပြီးခဲ့သည့် ၂၀၂၃ခုနှစ်က ခေါ်ယူစစ်ဆေး ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်များရှိသော်လည်း ယခု ငွေအတုနှင့်ပတ်သက်၍ ဒေသအတွင်း ပြည်သူများအပေါ် အသိပညာပေးခြင်းနှင့် အကာအကွယ်ပေးခြင်းများ လုပ်ဆောင်ခြင်းမရှိသည်ကိုလည်း တွေ့ရသည်။

 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မြန်မာကျပ်ငွေထက် ထိုင်းဘတ်ငွေကိုသာ အဓိက အားထား အသုံးပြုနေခြင်းဖြစ်ပြီး တာချီလိတ်မြို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မြို့များအနက် ထိုင်းဘတ်ငွေ၏ လွှမ်းမိုးမှုမှာ တာချီလိတ်၊ တာလေ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယု၊ ကျိုင်းလပ်၊ မိုင်းဆတ် နှင့် မိုင်းတုံမြို့များအထိ သက်ရောက်မှုရှိပြီး ကျိုင်းတုံမြို့တွင်လည်း ထိုင်းဘတ်ငွေ၏ လွှမ်းမိုးမှု အနည်းငယ်ရှိကြောင်း သိရသည်။