ဆီဆိုင်မြို့နယ်တွင် အတင်းအဓမ္မစုဆောင်းထားသည့် သက်ကြီးပိုင်းများအား စစ်ကောင်စီ စစ်သင်တန်းပေး

ဆီဆိုင်မြို့နယ်တွင် အတင်းအဓမ္မစုဆောင်းထားသည့် သက်ကြီးပိုင်းများအား စစ်ကောင်စီ စစ်သင်တန်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက အဓမ္မစုဆောင်းဖမ်းဆီးထားသည့် သက်ကြီးရွယ်အိုနှင့် လူလတ်ပိုင်းများသည် စစ်သင်တန်း အမှတ်စဉ်(၁)တွင် တက်ရောက်လျှက်ရှိကြောင်း PNO ပြည်သူ့စစ်ထံမှ သိရသည်။

စစ်ကောင်စီနှင့် PNO ပြည့်သူ့စစ်တို့ အဓမ္မစုဆောင်း ဖမ်းဆီးထားသည့် သက်ကြီးရွယ်အိုနှင့် လူလတ်ပိုင်း (၈၀)ဦးဝန်းကျင်ကို ရပ်ရွာဒေသ လုံခြုံစေရေးအတွက်ဟုဆိုကာ စစ်သင်တန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

"ဒေသခံတွေလည်း ပြန်လာနေကြပြီ။ သင်္ကြန်ပြီးကတည်းက တောထဲ တိမ်းရှောင်နေရတာ။ တောထဲမှာ ရေရှားတယ်။ စားစရာလည်း ဝယ်ရခက်တော့ ပြန်လာကြတာ။ ဒါပေမယ့် လူငယ်တွေအကုန် ထိုင်း၊ မလေးရောက်၊ PNLA နဲ့ တော်လှန်ရေးထဲ ဝင်ကြတော့ လူငယ်တွေကမရှိတော့ဘူး။ အဲဒီတော့ ထိပ်ပြောင်နေတဲ့ အဖိုးကြီးကအစ‌ စစ်ကောင်စီက ခေါ်ယူနေတာ။"ဟု ဆီဆိုင်မြို့မှ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီအနေဖြင့် ဆီဆိုင်မြို့နယ်က ပြည်သူများကို ယခင်လို တည်ငြိမ်အေးချမ်းလာအောင် အကောင်းဆုံးကြိုးစားဆောင်ရွက်ပေးနေကြောင်း အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ်ကျော်သူရက ပြောဆိုစည်းရုံးသည်။ 

ထို့အပြင် ဆီဆိုင်မြို့နယ်၊ နောင်ကျောအွိုင် ဥက္ကဌဆိုသူကလည်း "ကိုယ်မြို့၊ ကိုယ့်ရွာ၊ ကိုယ်အိမ် ရှိနေပါလျက်နဲ့ ပြန်လို့မရဘူး၊ ကိုယ်တိုင်ရှာဖွေစုဆောင်းထားတဲ့ပစ္စည်းတွေကိုပြန်ယူဖို့တောင် သူများဆီကအခွင့်တောင်းရသေးတယ် ဒါမဖြစ်သင့်ဘူး။ အိမ်ရှင်က ဧည့်သည်ကို ကြောက်နေတဲ့ဖြစ်ရပ်တွေကို ရပ်တန့်ဖို့ ရပ်ရွာပြည်သူတိုင်းမှာ တာဝန်ရှိကြောင်း အိမ်ရှင်တွေက အလျော့ပေးလိုက်လို့လည်း ကိုယ့်မြို့၊ ကိုယ်ရွာ၊ ကိုယ်နေအိမ်တွေ ဖျက်ဆီးခံခဲ့ရပြီဖြစ်ကြောင်း နောက်နောင် ဒီလိုအဖြစ်မျိုး မကြုံရစေရေးအတွက် လူတိုင်း စစ်ပညာကို တတ်မြောက်ထားရမှာဖြစ်ကြောင်း"ပြောဆို စည်းရုံးသည်။

ဆီဆိုင်မြို့နယ် ဆီဆိုင်ကြီးကျေးရွာမှ စစ်ရှောင်ရာမှပြန်လာသည့် ဒေသခံများကို စစ်‌ကောင်စီနှင့် PNO တို့က အတင်းအဓမ္မ လူသစ်စုဆောင်းသည့်အပြင် တစ်အိမ်ငါးသိန်းကျပ် စစ်စရိတ်ကောက်ယူနေကာ နိုင်ငံခြားထွက်၍ အလုပ်လုပ်ကိုင်သူရှိသည့် အိမ်များကိုမူ တစ်အိမ်လျှင် (၈)သိန်းကျပ် ကောက်ယူသည်ဟု PNLA က ယမန်‌နေ့ ဇွန်လ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ၂၀၂၄ခုနှစ် ဇွန်လ (၁၇)ရက်နေ့တွင် ဒေသခံများကို အစည်းအဝေးခေါ်ယူပြီး စစ်စရိတ်အဖြစ် ကောက်ခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“စစ်အသုံးစရိတ်ကို တစ်ကြိမ်ထဲ အပြီးမထည့်နိုင်ရင် နှစ်ကြိမ်ခွဲထည့်ခိုင်းတာ။ ဇွန်လ (၁၉)ရက်နေ့မှာ တစ်ကြိမ် ပေးပြီးပြီ။ ကျန်တဲ့ ငွေကျပ် နှစ်သိန်းခွဲကို လကုန်ရက် အပြီးပေးရမယ်ပြောတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ တစ်လလျှင် တပ်သားသစ် (၆)ဦး ပို့ဆောင်ရမည်ဟုလည်း တောင်းယူကာ လူသစ်များကို ဆီဆိုင်မြို့နယ် ဘုရားဖြူဘောလုံးကွင်း၌ သင်တန်းပေးနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပအိုဝ်းဒေသ ပင်လောင်းမြို့နယ် တောင်ပိုင်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နောင်ဝိုး၊ ချောင်းချား၊ တမထ ၊ လိန်ခမ်၊ ကုန်းပေါစသည့် ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ