ဆီဆိုင်မြို့နယ်တွင် ဒေသခံတစ်ဦး စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိ

ဆီဆိုင်မြို့နယ်တွင် ဒေသခံတစ်ဦး စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိ

ဆီဆိုင်မြို့နယ်တွင် ဒေသခံတစ်ဦး အများပြည်သူသွားလာသည့်လမ်းပေါ်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ ထောင်ထားခဲ့သည့် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ ( ၁၆ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ရင်းကျေးရွာနေ ဒေသခံတစ်ဦးသည် ရွာအရှေ့ဘက်ရှိ ဖုန်းလိုင်းမိသောနေရာသို့ ဖုန်းသွားဆက်ရာမှ အပြန်တွင် အများပြည်သူသွားလာသည့်လမ်းပေါ် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခင်ကလည်း နောင်ရင်းကျေးရွာသားတစ်ဦးသည် ရေသွားချိုးရာမှ ပြန်လာစဉ် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၆) ရက်နေ့ကလည်း ဆီဆိုင်မြို့ မြကန်သာရပ်ကွက်မှ ဒေသခံတစ်ဦး စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး သေဆုံးခဲ့ရကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ၂၀၂၄ခုနှစ် ဇန်နဝါရီလ ( ၂၁) ရက်နေ့မှ ဇွန်လ (၈)ရက်နေ့အထိ ရက်ပေါင်း (၁၄၀) အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ပွဲကြွင်းကျန်လက်နက်များပေါက်ကွဲရာမှ ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သား (၁၇)ဦး ရှိပြီဖြစ်ပြီး ခြံသွားလမ်း၊ ပျက်စီးနေသည့် အိမ်အပျက်အစီးများနှင့် လယ်ထွန်သည့်လယ်ကွင်းများ စသည့်နေရာများတွင် အခင်းဖြစ်ပွားခဲ့ကြောင်း Pa-O Youth Organization ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

#TachileikNewsAgency