ရှမ်းတောင်တွင် ရက်ပေါင်း ၁၄၀ အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ အရပ်သား ၇၇ ဦးသေဆုံးပြီး ငါးသောင်းကျော် စစ်ရှောင်နေရ

ရှမ်းတောင်တွင် ရက်ပေါင်း ၁၄၀ အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ အရပ်သား ၇၇ ဦးသေဆုံးပြီး ငါးသောင်းကျော် စစ်ရှောင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့မှ ဇွန်လ (၈) ရက်နေ့အထိ ရက်ပေါင်း (၁၄၀) အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ အရပ်သား (၇၇)ဦး သေဆုံးခဲ့ပြီး (၁၀၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူဦးရေ ငါးသောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း Pa-O Youth Organization(PYO)၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

အရပ်သား သေဆုံးမှုအများစုမှာ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့်ဖြစ်ပြီး စုစုပေါင်း (၃၄)ဦး သေဆုံးခဲ့ကာ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့များ ဖမ်းဆီးစစ်ဆေးခံရစဉ် သေဆုံးခဲ့သော အရပ်သားဦးရေမှာ ဒုတိယအများဆုံးအဖြစ် (၂၄) ဦး ရှိကြောင်း သိရသည်။

သေဆုံးမှုဖြစ်စဉ်များသည် ဖေဖော်ဝါရီလတွင် အမြင့်မားဆုံးဖြစ်ခဲ့ပြီး မေလဝက်လောက်မှစတင်ကာ ယခုလ ဇွန်လ ဒုတိယအပတ်ကာလအတွင်း ဒေသအခြေအနေအနည်းငယ်တည်ငြိမ်၍ အရပ်သားများနေရပ်သို့ပြန်လာရာ မြေမြှုပ်မိုင်းနှင့် ကြွင်းကျန်လက်နက်များ ပေါက်ကွဲထိမှန်၍ သေဆုံးသည့်ဖြစ်ရပ်များ အများစုဖြစ်ပွားနေကြောင်း သိရသည်။

အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုအများစုမှာလည်း စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး စုစုပေါင်း (၇၆) ဦး အထိရှိ၍ မြေမြှုပ်မိုင်းနှင့် စစ်ပွဲကြွင်းကျန်လက်နက်များ ပေါက်ကွဲထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ ဒုတိယအများဆုံးအဖြစ် (၁၇) ဦး ရှိကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများတွင် ကလေးငယ် (၁၇) ဦး ပါဝင်ပြီး (၂) ဦးသည် မိုင်းနင်းမိ၊ (၂) ဦးသည် ကြွင်းကျန်လက်နက်များကြောင့်နှင့် ကျန် (၁၃) ဦးသည် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းတောင်စစ်ပဋိပက္ခ ရက်ပေါင်း (၁၄၀) အတွင်း ထိခိုက်ပျက်စီးခဲ့ရသည့် အရပ်သား အဆောက်အအုံပေါင်း (၇၀၈) ခု ရှိခဲ့ပြီး အများစုမှာ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့်ဖြစ်၍ ထိုအထဲတွင် လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း နှင့် ဘာသာရေးအဆောက်အအုံများလည်း ပါဝင်ကြောင်းသိရသည်။

ယခုလက်ရှိအချိန်အထိ ရှမ်းတောင်ဒေသတွင် စစ်ဘေးရှောင်ပြည်သူ ငါးသောင်းကျော် (၅၃,၄၀၀) နှင့် အထက်ရှိနေပြီး တချို့တိုက်ပွဲအနည်းငယ် တည်ငြိမ်သည့်ဒေသများတွင် စိုက်ပျိုးရေးရာသီရောက်လာသည်နှင့်အမျှ ဒေသအခြေအနေပေါ်မူတည်ပြီး စိုက်ပျိုးရေးပြန်လုပ်ကိုင်လိုက် စစ်ရှောင်လိုက်လုပ်၍ နေရကြောင်း သိရသည်။

စစ်ဘေးရှောင်များသည် ကရင်နီပြည်မှ အများဆုံးဖြစ်ကာ ဆီဆိုင်မြို့နယ်မှ အများစု စစ်ဘေးတိမ်းရှောင်နေရပြီး တခြားမြို့နယ်များဖြစ်သည့် ပင်လောင်း၊ ညောင်ရွှေ၊ တောင်ကြီးနှင့် ဟိုပုံးတို့တွင် စစ်ဘေးတိမ်းရှောင်သူများ ခိုလှုံလျှက်ရှိကြောင်း သိရသည်။

ကရင်နီပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများမှာ လက်ရှိတွင် ပြန်လည်တိုးလာနေပြီး စစ်ဘေးရှောင်ပြည်သူများအတွက် အခြေခံလိုအပ်ချက်များနှင့်ပက်သက်ပြီး အရေးပေါ်လိုအပ်ချက်များရှိနေကြောင်း သိရသည်။

#TachileikNewsAgency

Photo: Pa-O Youth Organization