ကျိုင်းတုံမြို့တွင် ရဲတပ်ကြပ်ကြီးတစ်ဦးကို ဓါးဖြင့် ထိုးသတ်သည့်အဖွဲ့မှာ ဆက်သွယ်ရေးတပ်က ဖြစ်နေ

ကျိုင်းတုံမြို့တွင် ရဲတပ်ကြပ်ကြီးတစ်ဦးကို ဓါးဖြင့် ထိုးသတ်သည့်အဖွဲ့မှာ ဆက်သွယ်ရေးတပ်က ဖြစ်နေ

တြိဂံဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် ဇွန်လ(၉)ရက်နေ့က ဖြစ်ပွားခဲ့သည့် ရဲတပ်ကြပ်ကြီးတစ်ဦး ဓါးဖြင့် ထိုးသတ်ခံရမှု၏ ဖြစ်စဉ်တွင် ဓါးဖြင့် ထိုးသည့်အဖွဲ့မှာ အမှတ်(၄) အဆင့်မြင့်ဆက်သွယ်ရေးတပ်က ဖြစ်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည်  ၂၀၂၄ခုနှစ် ဇွန်လ(၉)ရက်နေ့ ည(၁၂)နာရီ မထိုးမီအချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်တွင်းရှိ ရွှေနဂါးစားသောက်ဆိုင် ကနေ ဇင်မျိုးထွန်း၊ မင်းဇော်ထွန်း နှင့် စိုင်းဝေထွန်းတို့ (၃)ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် မောင်းကာ နေအိမ်ရှိရာ  ဝေါခုတ်ကျေးရွာသို့  ပြန်လာစဉ် လမ်း၌ Toyota Crown အဖြူရောင် အမျိုးအစား ကား နှင့် Toyota Wish ကားတို့ကို မောင်းလာသည့် အမျိုးသား(၄)ဦးနှင့် စကားများရန်ဖြစ်ရာမှ ကားမောင်းလာသည့်အဖွဲ့က ကားပေါ်က ဆင်းလာပြီး ဓါးဖြင့် ထိုးသတ်ခြင်း ဖြစ်သည်ဟု သိရသည်။ 

Tachileik News Agency မှ ဆက်လက် စုံစမ်းမှုများအရ ကားများကို မောင်းလာသူများအနက်  အမျိုးသား (၂)ဦးမှာ အမှတ်(၄) အဆင့်မြင့်ဆက်သွယ်ရေးတပ်က ဖြစ်သည်ဟု သိရသည်။

လူသတ်တရားခံများကို  ဖမ်းဆီးရမိထားပြီး လူသတ်သည့်အဖွဲ့မှာ စစ်တပ်က ဖြစ်နေ၍ ရဲလက်သို့ မအပ်တော့ဘဲ စစ်တပ်သို့ ခေါ်ဆောင်သွားကြောင်းနှင့် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အပြင်သို့ သတင်းမပေါက်ကြားရန်အတွက် လျှို့ဝှက်ထားကြောင်း သိရသည်။

"ဒီကိစ္စမှာ တပ်ဘက်က  ပါနေတော့ ရဲလက်ထဲမထားတော့ဘဲ တပ်ကလူတွေကို တပ်ကိုပဲ ခေါ်ထားတယ်။ ကျန်တာကတော့ အထက်လူကြီးတွေကပဲ ဆက်လုပ်မဲ့ သဘောဘဲ၊ ဘယ်လို အရေးယူမလဲဆိုတာတော့ မသိသေးပါဘူး။ တပ်နဲ့ပတ်သက်တာဆိုတော့ ထုံးစံအတိုင်း လဝ(လျှို့ဝှက်)ပေါ့ဗျာ"ဟု အမည်မဖော်လိုသည့် တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ပြောသည်။

စကားများရန်ဖြစ်ပွားမှုကြောင့် ဆိုင်ကယ်စီးလာသည့် (၃)ဦးအနက် တစ်ဦးမှာ သေဆုံးသွားပြီး ကျန်(၂)ဦးမှာ ဒဏ်ရာအချို့ရရှိသွားကြောင်းနှင့်  သေဆုံးသွားသူမှာ နေပြည်တော်တွင် တာဝန်ကျနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး မင်းဇော်ထွန်း ဖြစ်ပြီး ၎င်းသည် ကျိုင်းတုံသို့ ခွင့်ခေတ္တ ပြန်လာသူဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်း ရှိ မရှိကိုတော့ မသိရသေးပေ။