ဟိုတယ်နှင့်ရပ်ကွက်များတွင် လောင်းကစားလုပ်ငန်းများဖြင့် လည်ပတ်နေသည့် တာချီလိတ်မြို့တွင် တာချီလိတ်ရဲတပ်ဖွဲ့က ရပ်ကွက်အတွင်း ဖဲထိုင်ရိုက်နေသည့် အမျိုးသမီး(၅)ဦးကို ဖမ်းဆီးပြီး လောင်းကစားဥပဒေဖြင့် အမှုူဖွင့်လိုက်ကြောင်း သိရသည်။
တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း နေအိမ်တွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ၏ နောက်ဆုံးနေ့က အမျိုးသမီး(၅)ဦး ဖဲရိုက်နေကြောင်း သတင်းအရယူဆိုကာ တာချီလိတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် အမျိုးသမီး (၅)ဦးမှာ မတင်မာဖြူ(ခ) မခင်မိုးဝေ၊ မမိုးမိုးအေး ၊မကေသွယ်ဦး၊ မပြုံးပြုံးသန်း နှင့် မဝင်းဝင်းသန်းတို့ ဖြစ်ပြီး ၎င်းတို့အား ဖဲထုတ် တစ်ထုပ်(၁)ထုပ် နှင့် ထိုင်းဘတ်ငွေ (၁၅,၈၀၀)ဘတ်တို့ဖြင့် တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၀/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလအတွင်းက ကျားဖြန့်လုပ်ငန်းများနှင့်အွန်လိုင်းလောင်းကစား အပါအဝင် ငါးခုံးဂိမ်းခုံ လုပ်ငန်းများကို ဖမ်းဆီးရေးစီချက်ဖြင့် ဖမ်းဆီးရေးလုပ်ဆောင်စဉ်က မဖမ်းဆီးမီ ကြိုတင်အကြောင်းကြားပေးမှုကြောင့် အဆိုပါ လုပ်ငန်းများမှာ ပိတ်သိမ်းပြီး ပြောင်းရွှေ့နိုင်ခဲ့ခြင်းများရှိခဲ့ပြီး နေရာအချို့ကိုသာ အဖမ်းပြခဲ့ပြီးနောက် ဖေဖော်ဝါရီလ၏ တတိယပတ်အတွင်းက စပြီး ချဲထီရောင်းချသူနှင့် ဖဲရိုက်သူတို့ကို လောင်းကစားနှိမ်နင်းသည်ဟု ပုံဖော်ကာ အဖမ်းပြခြင်းဖြင့် လုပ်ဆောင်ခဲ့ကြသည်။