သထုံနှင့် ကျိုက်ထိုတို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးပြီး ဒေသခံအမြောက်အများ စစ်ရှောင်နေရ

သထုံနှင့် ကျိုက်ထိုတို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးပြီး ဒေသခံအမြောက်အများ စစ်ရှောင်နေရ

ကော်သူးလေအုပ်ချုပ်နယ်မြေ သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့ရှိ ကျေးရွာများတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် စုစုပေါင်း (၁၂)လုံး ထိခိုက်ပျက်စီးပြီး ဒေသခံအမြောက်အများ စစ်ဘေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုမှ ၂၀၂၄ခုနှစ် ဇွန်လ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သထုံမြို့နယ်အတွင်း၌ ဇွန်လ (၁) ရက်နေ့ နေ့လယ် (၁၂) နာရီခန့်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာ လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု (၃)ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ (၁၂)လုံးခန့်နှင့် လက်နက်ကြီးများ ပစ်ချကာ ပြည်သူလူထုအား ကြောက်လန့်အောင် ခြိမ်းခြောက်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်သည်။

ထို့နောက် ညနေပိုင်းတွင် စစ်ကောင်စီ (အမတ-၃၁၄)တပ်ရင်း တပ်စခန်းမှ လက်နက်ကြီး (၃)လုံးဖြင့် ပစ်ခတ်ရာ ရွှေရောင်ပြကျေးနယ်၊  ရွှေရောင်ပြရွာထိပ်တွင် ကျရောက်ပေါက်ကွဲပြီး ဒေသခံများ၏ နေအိမ် (၁၀)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဇွန်လ (၃)ရက်နေ့  ည (၈)နာရီခန့်တွင် စစ်ကောင်စီ (ခမရ-၉)တပ်ရင်း တပ်စခန်းမှ လက်နက်ကြီး (၃)လုံး ပစ်ခတ်ရာ ချောင်းစောက်ကျေးနယ်၊ ရေဝေရွာ ထဲသို့ လက်နက်ကြီး (၁)လုံး ကျရောက်ပေါက်ကွဲပြီး ရေဝေရွာဘုန်းကြီးကျောင်းဆောင် အဆောက်အဦး (၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ကေအဲန်ယူ−ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း ဇွန်လ (၂) ရက် မနက် (၇)နာရီခွဲခန့်တွင် သိမ်ဇရပ်မြို့၌ တပ်စွဲထားသော စစ်ကောင်စီ (အမတ-၃၁၀)တပ်ရင်းနှင့် (ခမရ-၂၀၇)တပ်ရင်း တပ်စခန်းတို့မှ လက်နက်ကြီး အလုံး (၃၀)ကျော် ပစ်ခတ်ရာ နေအိမ် (၁)လုံး လက်နက်ကြီးထိမှန်ပျက်စီး၍ ဒေသခံတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။

ဇွန်လ (၃)ရက်နေ့ နံနက် (၁၁)နာရီခန့်တွင်လည်း ၎င်းတပ်စခန်းတို့မှ ပစ်ခတ်သော လက်နက်ကြီး (၁)လုံး ခရွဲကျေးနယ်၊ မုက္ခမော့ကျေးရွာ မယ်တော်ကြီးကုန်းအနီး ကျရောက်ပေါက်ကွဲပြီး ကိုယ်ဝန်(၆)လ လွယ်ထားသော အမျိုးသမီး၏ ဘယ်ဘက်ခြေဖဝါးအား လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်စခန်းတို့၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးနယ်ရှိ သုံးခွရွာ၊ မုက္ခမော့ရွာနှင့် စစ်ကွင်းရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရသည့်အပြင် ဇွန်လ (၄)ရက်နေ့ကလည်း စစ်ကောင်စီ (အမတ-၃၁၀) တပ်စခန်းမှ လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU