ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီး ဘုန်းတော်ကြီးကျောင်းပေါ် ကျရောက် 

ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီး ဘုန်းတော်ကြီးကျောင်းပေါ် ကျရောက် 

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်ကျော်ကျေးရွာမှ ဘုန်းကြီးကျောင်း စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျကာ ပျက်စီးသွားကြောင်း PNLA ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ခုနှစ် မေလ (၂၇)ရက်နေ့က စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ နောင်ကျော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းကျကာ သိမ်ကျောင်းဆောင်နှင့် နေအိမ်တစ်လုံး ထိမှန်ပျက်စီးသွားကြောင်း သိရသည်။

“ပစ်တာကတော့ ဆီဆိုင်ဘက်ကနေပစ်တာဖြစ်ပါတယ်။ ဆီဆိုင်မြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပေါ့နော်။ အဲဒီကနေပစ်လာတာဖြစ်ပါတယ်။ လူထိခိုက်မှုတော့မရှိဘူး။ မရှိဘူးဆိုတာက အဲဒီဘက်ကို စစ်ကောင်စီက ခဏခဏပစ်လို့ ရွာသူ၊ ရွာသားတွေက တောထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။”ဟု PNLA မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယခင်ကလည်း စစ်ကောင်စီတပ်သည် အဆိုပါကျေးရွာတဝိုက်ကို လက်နက်ကြီးနှင့်ပစ်ခတ်ပြီးနောက် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းများရှိခဲ့ပြီး အိမ်ဆောက်ပစ္စည်းနှင့် ဆိုင်ကယ်များ၊ ကားများကို ယူဆောင်သွားခြင်းများရှိကြောင်း သိရသည်။

“သူတို့လုပ်ရပ်က စစ်တပ်ဆိုတာထက် အကြမ်းဖက်သမားတွေလုပ်ရပ်လိုမျိုး ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ထည့်ပြီးတော့ ပြည်သူ့ပစ္စည်းခိုးယူတာပေါ့။”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် ပအိုဝ်းဒေသရှိ ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးနေသည့်အပြင် ပြည်သူများ အထွဋ်အမြတ်ထားရာ ဘုန်းတော်ကြီးကျောင်းများကိုလည်း ပစ်ခတ်ဖျက်ဆီးနေသည်ဟု PNLA က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: PNLA News & Info