ပါပူအာနယူးဂီနီနိုင်ငံတွင် မြေပြိုမှုကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံး

ပါပူအာနယူးဂီနီနိုင်ငံတွင် မြေပြိုမှုကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံး
By Mr John

ပါပူအာနယူးဂီနီနိုင်ငံ မြောက်ပိုင်း အစွန်အဖျားဒေသရှိ ရွာတစ်ရွာတွင် ၂၀၂၄ ခုနှစ် မေလ (၂၄) ရက် အစောပိုင်းက ကြီးမားသော မြေပြိုမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ရာနှင့်ချီ သေဆုံးနိုင်ကြောင်း သိရသည်။ 

မြေပြိုမှုကြီးကြောင့် နေအိမ်အလုံးရေ ဒါဇင်နှင့်ချီ ပြိုကျသွားပြီး မိသားစုများ အရှင်လတ်လတ် မြေကြီးထဲမြုပ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ် မေလ (၂၄) ရက်နေ့ နံနက် (၃) နာရီအချိန်ခန့်က Kaokalam ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြီးအတွင်း အိပ်ပျော်နေသူ အများအပြားရှိနေသည့် နေအိမ် (၅၀) ကျော်မှာ မြေကြီးအောက် ရောက်သွားခဲ့ကြောင်း ရွာသားတစ်ဦးဖြစ်သူ Ninga Role က Reuters သတင်းဌာနကို ဖုန်းဖြင့် ပြောကြားသည်။

မြေပြိုမှုကြောင့် သေဆုံးသူ (၃၀၀) နီးပါးရှိကြောင်းနှင့် သေဆုံးသူများအနက် ၎င်း၏ ညီအစ်ကိုတော်စပ်သူနှင့် ဝမ်းကွဲညီအစ်ကို မောင်နှမများလည်း ပါဝင်ကြောင်း Ninga က ဆိုသည်။

၎င်း၏ ကလေး (၂) ဦးကို ကယ်တင်ရန် မြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာသို့ ပြန်သွားခဲ့သည့် အမျိုးသားတစ်ဦးမှာလည်း ၎င်း၏ မိသားစုနှင့်အတူ မြေမြုပ်သွားခဲ့သည်ဟု Ninga က ပြောသည်။ 

ABC (Australian Broadcasting Corporation) သတင်းဌာနနှင့် အခြား ဒေသခံ မီဒီယာများကမူ မြေပြိုမှုကြောင့် လူ (၁၀၀) ကျော် သေဆုံးခဲ့ကြောင်း ဖော်ပြကြသည်။ 

ဆိုရှယ်မီဒီယာတွင် Ninga တင်ထားသော ဓာတ်ပုံများအရ လူအများအပြားမှာ ကျောက်တုံးများ၊ အမြစ်ကျွတ်ထွက်နေသော သစ်ပင်များနှင့် မြေစာပုံများပေါ် တွယ်တက်ကာ အသက်ရှင်ကျန်သူများကို ရှာဖွေနေသည်ကို တွေ့ရသည်။

"တော်တော်ကို မဖြစ်နိုင်တာဘဲ။ မြေပြိုကျတဲ့ ဧရိယာက ကြီးမားပြီး နေရာတိုင်းမှာ ကျောက်တုံးတွေနဲ့ သစ်ပင်တွေချည်းပဲ။ သူတို့ကို ဆွဲထုတ်ဖို့ အလွန်ခက်တယ်" ဟု ၎င်းက ပြောသည်။ 

မြေပြိုမှုကြီး ဖြစ်ပွားခဲ့သည့် ကျေးရွာမှာ ပါပူအာနယူးဂီနီနိုင်ငံ၏ မြို့တော် မော့စ်ဘီဆိပ်ကမ်းမြို့၏ မြောက်ဘက် (၃၇၀) မိုင် (၆၀၀ ကီလိုမီတာ) အကွာ Enga ပြည်နယ်တွင် ရှိသည်။

#TachileikNewsAgency

Source: Reuters, ABC