ထိုင်း -  မလေးရှား - စင်ကာပူ  (၆၂၁) မိုင် ခရီးရှည်ကို (၁၂) ရက်အတွင်း ပြေးပြီး စံချိန်တင်လိုက်သည့် အသက် (၅၀)ကျော် အမျိုးသမီး 

Photo: Natalie Dau RockStarArms ( FB )
Photo: Natalie Dau RockStarArms ( FB )
 ထိုင်း -  မလေးရှား - စင်ကာပူ  (၆၂၁) မိုင် ခရီးရှည်ကို (၁၂) ရက်အတွင်း ပြေးပြီး စံချိန်တင်လိုက်သည့် အသက် (၅၀)ကျော် အမျိုးသမီး 
By Mr John

 အာထရာ မာရသွန်အပြေးသမား Natalie Dau က ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံများကိုဖြတ်၍ (၆၂၁) မိုင် (ကီလိုမီတာ ၁,၀၀၀) အကွာအဝေးကို (၁၂) ရက်အတွင်း တစ်ကိုယ်တော် ပြေးပြီး စံချိန်တင်လိုက်ကြောင်း သိရသည်။ 

အပူဒဏ်ခံရခြင်း နှင့်အတူ (၃၅) ဒီဂရီဆဲလ်စီးယပ် အပူချိန်ကြောင့် အပြေးဖိနပ်များ ပျက်စီးခြင်းတို့ ကြုံရပြီး တင်ပါးဒဏ်ရာ ရှိနေခဲ့သော်လည်း Dau က ၂၀၂၄ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် The Westin Singapore ဟိုတယ်၌ ပန်းဝင်ခဲ့ရာ သူမကို အားပေးသူ (၁၀၀) ကျော်က ကြိုဆိုကြသည်။

အသက် (၅၂) နှစ်အရွယ် အပြေးသမား၏ မာရသွန်ခရီးရှည်ကို ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်ခရိုင်တွင် ၂၀၂၄ ခုနှစ် မေလ (၂၅) ရက်နေ့၌ စတင်ခဲ့ခြင်း ဖြစ်သည်။ 

ယခု အောင်မြင်ပြီးမြောက်မှုအရ Dau က ကီလိုမီတာ (၁,၀၀၀) ထိုင်း - စင်ကာပူ အာထရာ မာရသွန်တွင် အမြန်ဆုံး အပြေးသမားအဖြစ် စင်ကာပူစံချိန် တင်လိုက်ရုံသာမက မလေးရှားကျွန်းဆွယ်ကို အမြန်ဆုံး ခြေလျင် ဖြတ်သန်းသူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ရန် ရှိကြောင်းလည်း သိရသည်။

Dau ၏ ပြေးနှုန်းမှာ တစ်ရက်လျှင် မာရသွန်အပြေးပြိုင်ပွဲ (၂) ခုစာဖြစ်ပြီး စုစုပေါင်း မာရသွန်အပြေးပြိုင်ပွဲ (၂၄) ခုစာနှင့် ညီမျှသည်။ 

သူမ၏ မာရသွန်ပြေးခြင်းကနေ အားကစားနှင့် ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် အမျိုးသမီးများနှင့် မိန်းကလေးများကို စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ရည်မှန်းထားသော GLRS ကမ္ဘာလုံးဆိုင်ရာ ပရဟိတအဖွဲ့အစည်းအတွက် အမေရိကန်ဒေါ်လာ (၅၀,၀၀၀) ရန်ပုံငွေရှာပေးနိုင်ခဲ့သည်။

မာရသွန်အပြေးခရီး စတင်ခဲ့သည့် ပထမဆုံးရက်တွင် တင်ပါးဒဏ်ရာရသွားပြီးနောက် ကနဦး စိုးရိမ်ပူပန်မှုများ ရှိခဲ့သော်လည်း သူမကို အားပေးသူများ စိတ်မပျက်စေရန် ဆုံးဖြတ်ခဲ့သည်။ 

Dau က သူမအတွက် နောက်ထပ် စိန်ခေါ်မှုဖြစ်သည့် ၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင် ကျင်းပသွားမည့် ဆစ်ဒနီမာရသွန်ပြေးပွဲ Sydney Marathon တွင်လည်း ပါဝင်ယှဥ်ပြိုင်သွားမည်ဟု ဆိုသည်။

 

Source: Straits Times

Photo: Natalie Dau RockStarArms ( FB )