ဗီယက်နမ်တွင် လူ့အခွင့်ရေး လှုပ်ရှားမှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့သည့် ဝန်ကြီးက သမ္မတသစ် ဖြစ်လာမည်

ဗီယက်နမ်တွင် လူ့အခွင့်ရေး လှုပ်ရှားမှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့သည့် ဝန်ကြီးက သမ္မတသစ် ဖြစ်လာမည်
By Mr John

 ဗီယက်နမ်ကွန်မြူနစ်ပါတီက ပြည်သူ့လုံခြုံရေးဝန်ကြီး တိုလမ်း ကို နိုင်ငံ၏ သမ္မတသစ်အဖြစ် အဆိုပြုလိုက်ကြောင်း အစိုးရမီဒီယာက ၂၀၂၄ ခုနှစ် မေလ (၁၈) ရက်နေ့တွင် ပြောသည်။ 

အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံဆောင်ရွက်မှုအရ ၂၀၂၄ ခုနှစ် မတ်လအတွင်း ဗီယက်နမ်သမ္မတ ဗိုဗန်ထွန်းရာထူးမှ နုတ်ထွက်သွားပြီးနောက် ကွန်မြူနစ်ပါတီက ပြည်သူ့လုံခြုံရေးဝန်ကြီးကို သမ္မတသစ်အဖြစ် အဆိုပြုလိုက်ခြင်း ဖြစ်သည်။

ဗီယက်နမ်တွင် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူကျုံ  ဦးဆောင်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံဆောင်ရွက်မှုအတွင်း ထိပ်တန်း အစိုးရအရာရှိများနှင့် ဝါရင့် စီးပွားရေးခေါင်းဆောင်များ အပါအဝင် လူထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့သည်။ 

ပေါ်လစ်ဗျူရို အဖွဲ့ဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး ရဲဘော် တိုလမ်း  ကို သမ္မတအဖြစ် ရွေးချယ်ရန် အဆိုပြုမှုကို ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက သဘောတူခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြသည်။

ဗီယက်နမ်နိုင်ငံ၏ (၁၃)ယောက်မြောက် သမ္မတဖြစ်လာမည့် အသက် (၆၆) နှစ်အရွယ် တိုလမ်း  မှာ ၂၀၁၆ ခုနှစ်ကတည်းက ပြည်သူ့လုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ကွန်မြူနစ်နိုင်ငံအတွင်း လူ့အခွင့်အရေး လှုပ်ရှားမှုများကို တင်းတင်းကျပ်ကျပ် တုံ့ပြန်ကိုင်တွယ်ခဲ့သူ ဖြစ်သည်။ 

ဗီယက်နမ်တွင် သမ္မတသစ် အဆိုပြုမှုအပြင် အမျိုးသားလွှတ်တော် ဥက္ကဌသစ် ရာထူးအတွက်လည်း အသက် (၆၁) နှစ်အရွယ် ချဲန်ထိန်မန် ကို အဆိုပြုခဲ့ကြောင်း အစိုးရမီဒီယာက ပြောသည်။ 

ဗီယက်နမ်တွင် အမျိုးသားလွှတ်တော် ဥက္ကဌမှာ နိုင်ငံ၏ အာဏာအရှိဆုံး ခေါင်းဆောင် (၄) ဦးအနက် တစ်ဦးဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်သမ္မတသစ်နှင့် အမျိုးသားလွှတ်တော် ဥက္ကဌသစ် အမည်စာရင်းများ အဆိုပြုမှုကို ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက သဘောတူ လက်ခံလိုက်ပြီ ဖြစ်သော်လည်း လာမည့် သီတင်းပတ်တွင် ကျင်းပရန်ရှိသည့် လွှတ်တော်အစည်းအဝေးက တရားဝင် မဲခွဲဆုံးဖြတ်သွားမည် ဖြစ်သည်။ 

ထိပ်တန်းခေါင်းဆောင် အားလုံးမှာ "အမှန်တကယ် စည်းလုံးရမည်၊ အမှန်တကယ် စံပြုထိုက်သူ ဖြစ်ရမည်၊ စိတ်ပါလက်ပါနှင့် အများအကျိုး ဆောင်ရွက်သူဖြစ်ရမည်" ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ပြောကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ က သတင်းဖော်ပြသည်။

 

Source: AFP