မြန်မာနိုင်ငံရှိ Ooredoo လုပ်ငန်းများ ကို အမေရိကန်ဒေါ်လာ (၅၇၆) သန်းဖြင့် ရောင်းချလိုက်ပြီ

မြန်မာနိုင်ငံရှိ Ooredoo လုပ်ငန်းများ ကို အမေရိကန်ဒေါ်လာ (၅၇၆) သန်းဖြင့် ရောင်းချလိုက်ပြီ
စက်တင်ဘာ 9, 2022 | နိုင်ငံတကာသတင်း
By Mr John

 ကာတာအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ Ooredoo က ၎င်း၏ မြန်မာနိုင်ငံမှ လုပ်ငန်းကို စင်ကာပူနိုင်ငံမှ Nine Communications Pte. Ltd, ကို ရောင်းချရန် အရောင်းအဝယ် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီက စက်တင်ဘာလ (၈) ရက်နေ့တွင် ပြောကြားသည်။ 

Ooredoo က ၎င်း၏ မြန်မာနိုင်ငံမှလုပ်ငန်းကို အမေရိကန်ဒေါ်လာ (၅၇၆) သန်းဖြင့် Nine Communications ကို ရောင်းချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Ooredoo က လုပ်ငန်းရောင်းချမှုမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နောက်ဆုံးကျန်ရှိနေသည့် နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီလည်း ဖြစ်သည်။ 

၂၀၂၂ ခုနှစ်တွင် Ooredoo သုံးစွဲသူ (၉) သန်းရှိကြောင်းသိရပြီး ၂၀၂၀ ခုနှစ်က (၁၅) သန်းရှိခဲ့ရာမှ လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း Reuters က ဖော်ပြထားသည်။ 

၂၀၂၀ ခုနှစ်တွင် သုံးစွဲသူ (၁၅) သန်းရှိစဥ် Ooredoo က ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း (၃၃၀) ရရှိခဲ့သည်ဟု ဆိုသည်။

အခြား နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် Telenor ကလည်း ၎င်း၏ မြန်မာနိုင်ငံမှ လုပ်ငန်းကို ယခုနှစ်တွင် အပြီးသတ်ရောင်းချပြီး ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။

 Telenor ကို လက်ဘနွန်အခြေစိုက် M2 Group နှင့် စစ်အုပ်စုနှင့်ဆက်နွယ်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ဝယ်ယူလိုက်ပြီးနောက် Atom ဟု အမည်ပြောင်းလဲကာ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေသည်။

Source: Reuters