တအာင်းပြည်နယ်ရှိ Non CDM များကို TNLA အလုပ်ဖြုတ်

တအာင်းပြည်နယ်ရှိ Non CDM များကို TNLA အလုပ်ဖြုတ်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA သိမ်းပိုက်ထား‌သော မြို့(၇)မြို့အပါအဝင် တအောင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သော Non-CDM ဝန်ထမ်းများအားလုံးကို တာဝန်မှရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း TNLA က ယနေ့ ၂၀၂၄ ခုနှစ် မေလ(၁၅)ရက်နေ့တွင် ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA က သိမ်းပိုက်ထားသည့် နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်ငေါ့နှင့် မိုင်းလုံမြို့များအပါအဝင် တအောင်းဒေသအတွင်းရှိ စစ်ကောင်စီလက်အောက်တွင် ပုံစံအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့သော Non CDM ဝန်ထမ်းများအားလုံးကို လုပ်ငန်းတာဝန်များမှ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

သတ်မှတ်ချက်အရ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသည့် Non CDM ဝန်ထမ်းများကို အပြစ်ပေးအရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူခြင်း၊ တိုင်ကြားမှုအရ ဖမ်းဆီးပြီး အဆင့်ဆင့် စစ်ဆေးအရေးယူခြင်းနှင့် သတ်မှတ်သည့် စီမံချက်အရ အပြစ်ပေးအရေးယူခြင်းများ ပြုလုပ်သွားမည်ဟု ဆိုသည်။

တအောင်းပြည်နယ်အတွင်း ဆက်လက်နေထိုင်နေသည့် Non CDM  ဝန်ထမ်းများသည် စစ်ကောင်စီထံမှ လစာငွေကြေးများ ထုတ်ယူခြင်း လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ငန်းအစီအရင်ခံစာများပေးပို့ခြင်း စသည့်ပူးပေါင်းဆောင်ရွက်မှူများ‌တွေ့ရှိပါက အပြစ်ပေးအရေးယူသွားမည်ဟု သိရသည်။

TNLA အနေဖြင့် ၄င်းတို့ ထိန်းချုပ်နယ်မြေအတွင်းတွင် လူထုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် စီမံအုပ်ချုပ်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းပြီး ယခင်ကထက် လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန်အတွက် နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီလက်အောက်တွင် လုပ်ငန်းတာဝန်ထမ်းဆောင်ခဲ့သော Non CDM ဝန်ထမ်းများကို ယင်းသို့အရေးယူခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency