ထိုင်းနိုင်ငံ၏ လေပိုင်နက် နှင့် အချုပ်အခြာအာဏာကို ကျူးကျော် ထိပါးလာပါက လက်ခံမည် မဟုတ်ဟု သတိပေးထား

ထိုင်းနိုင်ငံ၏ လေပိုင်နက် နှင့် အချုပ်အခြာအာဏာကို ကျူးကျော် ထိပါးလာပါက လက်ခံမည် မဟုတ်ဟု သတိပေးထား
By Mr John

မြန်မာနိုင်ငံအတွင်း နိုင်ငံ့အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ထိုင်း - မြန်မာနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားနေရာ ထိုင်းနိုင်ငံ အနေဖြင့် ၎င်း၏ အချုပ်အခြာအာဏာ ထိပါးမှု မှန်သမျှကို သည်းခံလိမ့်မည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က သတိပေးလိုက်သည်။ 

"ကျွန်တော်တို့ရဲ့ စစ်သားတွေ နယ်စပ်တစ်လျှောက် ကင်းလှည့်စောင့်ကြပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အသင့်ဖြစ်နေပြီး ဘယ်သူကိုမှ အချုပ်အခြာအာဏာ ထိပါးခွင့် မပြုဘူးဆိုတာ ပြသတာပါပဲ။ ဘယ်သူကိုမှ ထိုင်းမြေကို ကျူးကျော်ထိပါးခွင့် မပြုဘူးဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ကျွန်တော်တို့ ဒါကို လက်ခံမှာ မဟုတ်ပါဘူး" ဟု ဝန်ကြီးက သတင်းထောက်များကို ပြောခဲ့သည်။

မြန်မာဘက်ခြမ်း မြဝတီမြို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလ (၁၂) ရက်နေ့က ထိုင်း - မြန်မာ နယ်စပ် မဲဆောက်သို့ လာရောက်ကြည့်ရှုခဲ့သည့် ၎င်း၏ခရီးစဥ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုသို့ သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်ကလည်း "ကျွန်တော်တို့ရဲ့ လေပိုင်နက်ကို ကျူးကျော်လာခဲ့ရင် လက်မခံနိုင်ဘူးဆိုတာ ကျွန်တော် စစ်တပ်အကြီးအကဲကို ပြောထားပါတယ်" ဟု ၂၀၂၄ ခုနှစ် ဧပြီလ (၁၂) ရက်နေ့ အစောပိုင်းတွင် ထပ်လောင်း ပြောကြားခဲ့သည်။

 

မြဝတီတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အာဏာသိမ်း မြန်မာစစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ခလရ ၂၇၅ မှ မြန်မာစစ်သားများ ၎င်းတို့၏ စခန်းကို စွန့်ခွာထွက်ပြေးပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ၏ မြန်မာဘက်ခြမ်းတွင် ခိုလှုံနေသည်။ 

ယခု သီတင်းပတ်အတွင်း မြဝတီမြို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ရာ ထိုင်းနိုင်ငံအတွင်းသို့ ဒေသခံ ထောင်နှင့်ချီလည်း ထွက်ပြေးကြသည်။ 

မြန်မာဘက်ခြမ်းမှ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသံနှင့် သေနတ်ပစ်ခတ်သံများကို ထိုင်းဘက်ကနေ ကြားနေခဲ့ရသည်။

မကြာသေးမီက နှစ်နိုင်ငံ နယ်စပ်အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်းအစိုးရမှာ စိုးရိမ်ပူပန်နေပြီး ၂၀၂၄ ခုနှစ် ဧပြီလ (၁၂) ရက်နေ့တွင် ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်သည့်  နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် နယ်စပ်သို့ လာရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။ 

 

 

Source: AFP