မြန်မာဒုက္ခသည်များကို အတင်းအကျပ် နေရပ်သို့ ပြန်ပို့နေမှု ရပ်ဆိုင်းရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက အောက်တိုဘာလ (၂၆) ရက်နေ့တွင် မလေးရှားနိုင်ငံကို တိုက်တွန်းလိုက်သည်။
မြန်မာဒုက္ခသည်အချို့မှာ ၎င်းတို့၏ နိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စု၏ နှိပ်ကွပ်ခံရမည့် အန္တရာယ်ရှိနေသော်လည်း ရာနှင့်ချီသည့် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့မှု ဆက်လက် လုပ်ဆောင်နေခြင်းကို စိုးရိမ်ပူပန်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ဆိုသည်။
"မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေ တိုးမြင့်ဖြစ်ပွားနေပြီး မြန်မာ့စီးပွားရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ ပြိုလဲနေသည့် မြန်မာနိုင်ငံသို့ မည်သူ့ကိုမျှ ပြန်ပို့ရမည့်အချိန် မဟုတ်ပါဘူး" ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင် မဟာမင်းကြီး Volker Turk က ထုတ်ပြန်ချက်တွင် ပြောထားသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် စစ်တပ်မှ ဘက်ပြောင်းလာသူများကဲ့သို့ မြန်မာနိုင်ငံကို ပြန်ပို့ခံရသည့်အခါ ကြီးမားသည့် အန္တရာယ်ရှိသူများအတွက် အထူးစိုးရိမ်ကြောင်း Volker Turk က ဆိုသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း မလေးရှားနိုင်ငံက မြန်မာဒုက္ခသည် (၁၀၀) ကျော်ကို အောက်တိုဘာလ (၆) ရက်တွင် နေရပ်ပြန်ပို့ခဲ့ပြီးနောက် အလားတူ တိုက်တွန်းခဲ့သည်။
မလေးရှားအစိုးရကမူ ယခုနောက်ဆုံး မြန်မာဒုက္ခသည်များကို နေရပ်ပြန်ပို့မှုနှင့် ပတ်သက်၍ အတည်ပြုခဲ့ခြင်းမရှိဘဲ နှုတ်ပိတ်နေသည်ဟု ဆိုသည်။
ဧပြီလမှစပြီး မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားများကို ၎င်းတို့၏နိုင်ငံသို့ အတင်းအကျပ် ပြန်လည်ပို့ဆောင်သည့်သတင်းများ ရရှိခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောသည်။
စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသား ရာနှင့်ချီ နေရပ်ပြန်ပို့ခံခဲ့ရကြောင်း မဟာမင်းကြီးရုံးက ဆိုသည်။
စက်တင်ဘာလကုန်ပိုင်းအထိ စာရင်းများအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ ဒုက္ခသည်နှင့် နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းနေသူ (၁၆၀,၀၀၀) နီးပါး ရောက်ရှိနေကြောင်းနှင့် ၎င်းတို့အနက် အများအပြားမှာ ရိုဟင်ဂျာမွတ်စလင်မ်များ၊ တိုင်းရင်းသားလူနည်းစုများဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ စာရင်းများအရ သိရှိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် ကသောင်းကနင်း အခြေအနေများနှင့်အတူ နိုင်ငံရေးအကျပ်အတည်း ဖြစ်ပေါ်နေသည်။
အကြမ်းဖက်မှုများ မြင့်တက်ကာ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးကြရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးကို အောက်တိုဘာလ (၂၇) ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ပြုလုပ်သွားမည်ဟု သိရသည်။
Source: Kyodo News