စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က စစ်ရှောင်ပြည်သူကို သေနတ်ဖြင့် ပစ်သတ်

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က စစ်ရှောင်ပြည်သူကို သေနတ်ဖြင့် ပစ်သတ်
ဧပြီ 11, 2024 | ရှမ်းတောင်

အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က စစ်ဘေးရှောင်ပြီး နေအိမ်ပြန်လာသည့် အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က  ၂၀၂၄ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဆီဆိုင်မြို့နယ် နောင်သိမ်ကျေးရွာအတွင်းသို့ အာဏာသိမ်း စစ်ကောင်စီသည် ဧပြီလ(၈)ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံများမှာ ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်ကြခဲ့ကြရကြောင်း သိရသည်။

ယင်းသို့ တိမ်းရှောင်ပြီးနောက် ဧပြီလ(၁၀)ရက်နေ့တွင် ဒေါ်မူတို့ လင်မယား(၂)ဦးသည်  နေအိမ်သို့ ပြန်လာရာတွင် လမ်း၌ PNO ပြည်သူ့စစ်အဖွဲ့နှင့် ဆုံမိပြီးနောက် ပြည်သူ့စစ်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ ဒေါ်မူမှာ နေရာတွင် သေဆုံးသွားပြီး ၎င်း၏ ခင်ပွန်းဖြစ်သူမှာ PNO ဘက်က သေနတ်ဖြင့် ပစ်ခတ်နေသည့်ကြားက ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျေးရွာနေပြည်သူများကို ပစ်ခတ်သည့် PNO ပြည်သူ့စစ်အဖွဲ့မှာ လွယ်တွန်တောင်ပေါ်တွင် အခြေချ တပ်စွဲထားသည့် အဖွဲ့ထဲက ဖြစ်ကြောင်း သိရသည်။

ဧပြီလ(၈)ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်အဖွဲ့တို့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့နယ်အတွင်း တွေပူးကျေးရွာနေ ကျောင်းသူတစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။