တိုက်ပွဲကြောင့် အပျက်အစီးများခဲ့သည့် ဇရပ်ကြီးမြို့တွင် မီးလောင်မှုဖြစ်ပွား၍  မြို့မဈေးနှင့် လူနေအိမ်(၄)လုံး ဆုံးရှုံး

တိုက်ပွဲကြောင့် အပျက်အစီးများခဲ့သည့် ဇရပ်ကြီးမြို့တွင် မီးလောင်မှုဖြစ်ပွား၍  မြို့မဈေးနှင့် လူနေအိမ်(၄)လုံး ဆုံးရှုံး
ဖေဖော်ဝါရီ 23, 2024 | အခြားဒေသများ

 ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ ကျုံပါ(က)ရပ်ကွက်ရှိ မြို့မဈေးအပါအဝင် လူနေအိမ်များ မီးလောင် ဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ နေ့လယ်ပိုင်းက မီးလောင်မှုကြောင့် ဆိုင်ခန်းများစွာရှိသည့် မြို့မဈေးနှင့် လူနေအိမ်(၄)လုံး မီးလောင်ပျက်စီးသွားပြီး ဒေသခံများ နှင့် ရဟန်းသံဃာများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ခြင်းကြောင့် ညနေပိုင်းတွင် မီးထိန်းနိုင်ခဲ့သည်ဟု သိရသည်။

“မီးသတ်ကားက လာရတာဝေးတော့ အချိန် မမှီလိုက်ဘူး။ ဒေသခံတွေက စစ်ရှောင်နေကြရတာ။ အများပြောတာကတော့ သူခိုးက ပစ္စည်းဝင်ခိုးတာ ခိုးစရာမရှိလို့ မီးရှို့သွားတယ်လို့ ပြောကြတယ်။ တိုက်ပွဲဖြစ်တော့ တချို့ဒေသခံတွေက ပြန်လာတယ် တချို့က ပြန်မလာကြသေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဇရပ်ကြီးမြို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၆)ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများကြောင့် နေအိမ်အများအပြား ပျက်စီး၍ သေဆုံးသူများလည်းရှိခဲ့သည်။ 

အဆိုပါ တိုက်ပွဲကြောင့် ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အပျက်အစီးများခြင်းကြောင့် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွါသွားခဲ့ခြင်းဖြစ်သည်။

 

Photo: Khun Zaw Win Tun, CJ