မူဆယ်၊ ပန်ဆိုင်းနှင့် ပလက်ဝတို့ရှိ ဘုန်းကြီးကျောင်းများနှင့် စစ်ဘေးရှောင်များကို AAနှင့် MNDAA တပ်များ စားနပ်ရိက္ခာကူညီ

မူဆယ်၊ ပန်ဆိုင်းနှင့် ပလက်ဝတို့ရှိ ဘုန်းကြီးကျောင်းများနှင့် စစ်ဘေးရှောင်များကို AAနှင့် MNDAA တပ်များ စားနပ်ရိက္ခာကူညီ
ဇန်နဝါရီ 25, 2024 | 2021 Military Coup| အခြားဒေသများ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ပန်ဆိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ရှိ ဘုန်းကြီးကျောင်းများ၊ စစ်ဘေးရှောင်များကို  AAနှင့် MNDAA တပ်ဖွဲ့တို့က စားနပ်ရိက္ခာများ လှူဒါန်ပေးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ ၁၀၅ မိုင်အနီးတဝိုက်ရှိ ဗုဒ္ဓဘာသာ ဆရာတော်၊ သံဃာတော်များနှင့် ခရစ်ယာန်သာသနာပြုများ ပူပင်ကြောင့်ကြမရှိစေဘဲ ငြိမ်းချမ်းစွာ သာသနာပြုနိုင်ရန် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့၊ (၁၈)ရက်နေ့နှင့် (၂၃)ရက်နေ့တို့တွင် ရက္ခိုင့်တပ်တော်က သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့တွင် ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၊ ဘဘဘုန်းတော်ကြီးကျောင်း၊ မေတ္တာစံအိမ် ပရဟိတကျောင်းနှင့် ကမ္ဘောဇသင်္ဂီပညာသင်ကျောင်း (သီလရှင်ကျောင်း)တို့အား ဆန်၊ ဆီ အပါအဝင် စားနပ်ရိက္ခာတချို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီလ (၁၈) ရက်နေ့တွင်လည်း ဇေယျမင်္ဂလာကျောင်းတိုက်အား ဆန်၊ ဆီနှင့် ရေသန့်အချို့တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဇန်နဝါရီလ(၂၃)ရက်နေ့တွင် ပန်ဆိုင်းခရစ်ယာန်ကျောင်းကိုလည်း ဆန်အချို့ လှူဒါန်းခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ် ပလက်ဝဒေသရှိ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအား ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ဆန်နှင့် ငွေသားအချို့ကို ထောက်ပံ့ကူညီပေးခဲ့သည်ဟု သိရသည်။ထို့အပြင် အိမ်ထောင်စုတစ်စုလျှင် မြန်မာငွေ (၂၀၆,၅၀၀)ကျပ်နှင့် ဆန် (၇၃)ဘူးစီကို အိမ်ထောင်စု စုစုပေါင်း (၁၂၁)စုအား ကူညီပေးခဲ့သည်ဟု သိရသည်။

မြိတ်ဝကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကတည်းကပင် အိန္ဒိယနှင့် ရက္ခိုင်ပြည်တို့၌ စစ်ဘေးရှောင်နေကြသော အိမ်ထောင်စု စုစုပေါင်း (၁၃၆)စုရှိပြီး လက်ရှိတွင် နေရပ်သို့ ပြည်လည်လာရောက်နေထိုင်ကြသော အိမ်ထောင်စု (၁၂၁)စုသာရှိသေးသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၂)ရက်နေ့တွင် MNDAA၏ အလုပ်အမှုဆောင်အဖွဲ့သည် အထူးဒေသ (၁)၊ မုံးကိုးခရိုင်၊ ပန်ဆိုင်းမြို့သို့ရောက်ရှိပြီး ရပ်ကွက်(၁၀)ခုမှ မိသားစု (၄၀၀)ကျော်ကို ဆန်တစ်အိတ်နှင့် စားသုံးဆီတစ်ဗူးစီ ကူညီပေးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: AA Info Desk