တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဟောင်း၏ သားဖြစ်သူနှင့် ရဲ(၂)ဦး ပါဝင်သည့်အဖွဲ့ကို ဓါးပြမှုဖြင့် ဖမ်းဆီး

တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဟောင်း၏ သားဖြစ်သူနှင့် ရဲ(၂)ဦး ပါဝင်သည့်အဖွဲ့ကို ဓါးပြမှုဖြင့် ဖမ်းဆီး

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်အတွင်း ဓါးပြတိုက်ခံရမှုနှင့် ပတ်သက်ပြီး တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း၏ သားဖြစ်သူနှင့် ရဲ(၂)ဦး ပါဝင်သည့် အဖွဲ့ကို  ဓါးပြတိုက်မှုဖြင့် တာချီလိတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ (၃)ဦးကိုလည်း စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်အတွင်းရှိ အားရှင်း၏ နေအိမ်တွင် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့အကူး နံနက် (၂)နာရီခွဲဝန်းကျင်အချိန်က မြင့်မြတ်အောင်(ခ)ဖိုးသားကြီး နှင့် တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်(၂)ဦး အပါအဝင် (၈)ဦးသည် သေနတ်များကိုင်ဆောင်ပြီး ဓါးပြတိုက်ကာ မီးခံသေတ္တာ(၃)လုံးကို သယ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဓါးပြတိုက်ခံရသူဘက်၏ ပြောပြချက်များအရ သေနတ်များကိုင်ဆောင်ပြီး ရောက်ရှိလာသည့်အဖွဲ့မှာ မြင့်မြတ်အောင်(ခ)ဖိုးသားကြီးတို့အဖွဲ့ဖြစ်သည်ဟု သိရ၍ တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့က ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းတွင်  တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း မြင့်မြတ်အောင်(ခ)ဖိုးသားကြီး နေထိုင်ရာ နေအိမ်သို့ သွားရောက်ကာ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းရာ ယင်းဖြစ်စဉ်တွင် ၎င်းနှင့်အတူ  တာချီလိတ်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ဇာနည်အောင် နှင့် ရဲတပ်သား ကျော်ဇင်ထွန်း အပါအဝင် ကိုမျိုး၊ အောင်ခမ်း၊  ဖြိုးဇေယျာဘို၊ ဇင်ဝေဖြိုးနှင့် ပအိုဝ့်လေးတို့ ပါဝင်သည်ဟု ထွက်ဆိုကြောင်း သိရသည်။

၎င်း၏ ထွက်ဆိုချက်အရ ရဲဒုတပ်ကြပ် ဇာနည်အောင် နှင့် ရဲတပ်သား ကျော်ဇင်ထွန်း တို့ (၂)ဦးကို မြို့မရဲစခန်းတွင် ဖမ်းဆီးလိုက်ပြီး၊  ဖြိုးဇေယျာဘို နှင့် ဇင်ဝေဖြိုးတို့ကို ညပိုင်းမှာပင် Peace Bar တွင် သွားရောက်ဖမ်းဆီးပြီးနောက် ဆက်လက် ထွက်ပြေး တိမ်းရှောင်နေသည့်  ကိုမျိုး၊ အောင်ခမ်း၊  နှင့် ပအိုဝ့်လေးတို့ (၃)ဦးကိုလည်း ၎င်းတို့၏ ဓါတ်ပုံများနှင့်တကွ စုံစမ်းရှာဖွေနေလျှက်ရှိကြောင်း သိရသည်။

၎င်းတို့အား ဖမ်းဆီးရမိပြီးနောက် ၁၂ ဗို့ ပြောင်းချောသေနတ် (၂)လက်၊ AK 47 မောင်းပြန် ရိုင်ဖယ် (၁)လက် နှင့် ကျည်(၁၆)တောင့်တို့ကို သိမ်းဆည်းရမိပြီး ၎င်းတို့ သယ်ဆောင်သွားသည့် မီးခံသေတ္တာ (၃)လုံးအနက် ဖျက်ဆီးထားပြီး စွန့်ပစ်ထားသည့် မီးခံသေတ္တာ(၂)လုံးကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဓါးပြတိုက်မှုနှင့် ပတ်သက်ပြီး မြင့်မြတ်အောင်(ခ)ဖိုးသားကြီး၏ လတ်တလော ထွက်ဆိုချက်အရ ၎င်းသည် ခေါင်းဆောင်အဖြစ် ပါဝင်ပြီး   ဖြိုးဇေယျာဘို၊ ဇင်ဝေဖြိုး နှင့် ၎င်းတို့ (၃)ဦးသည် နေအိမ်တံခါးရှေ့တွင် စောင့်ကြပ်နေသည့် အစောင့်(၂)ဦးကို ထိန်းသိမ်းလိုက်ပြီးနောက် တာချီလိတ်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ဇာနည်အောင် နှင့် ရဲတပ်သား ကျော်ဇင်ထွန်း အပါအဝင် ကိုမျိုး၊ အောင်ခမ်း နှင့် ပအိုဝ့်လေးတို့ ပါဝင်သည် (၅)ဦးကို  သေနတ်များ ကိုင်ဆောင်ကာ နေအိမ်အတွင်းသို့  ဝင်ရောက်သွားခိုင်းပြီး နေအိမ်အတွင်းမှ မီးခံသေတ္တာ (၃)လုံးကို သယ်ဆောင်လာခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။ 

 ဓါးပြတိုက်မှူကို ဦးဆောင်သူ၏ သတ်မှတ်ထားသည့် မြင့်မြတ်အောင်(ခ)ဖိုးသားကြီး၏ ဖခင်မှာ တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအထိ ရဲမှူး ရာထူးဖြင့် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နေပြည်တော်  ဥတ္တရသီရိသို့ ပြောင်းရွှေ့သွားသူ ဖြစ်သည်။

"ရဲမှူး ညီညီဌေးရဲ့ သား ခြိမ်းခြောက် အနိုင်ကျင့်တဲ့ ဒဏ်ကို ခံရတဲ့ တရုတ်သူဌေးတွေလည်း အတော်များတယ်။ တာချီလိတ်မှာ မရှိတော့တဲ့ သူ့အဖေရဲ့ အရှိန်အဝါကို အသုံးချပြီး လုပ်တဲ့ သဘောပေါ့။ တကယ်တော့ သူက တာချီလိတ်သားမဟုတ်ဘူး။ တာချီလိတ်မှာ အိမ်ထောင်ကျပြီးတော့ တာချီလိတ်မှာနေပြီး အခုလိုတွေ လုပ်တာလို့ ပြောလို့ရတာပေါ့။ တချို့ မှတ်ပုံတင်မရှိတဲ့ တာချီလိတ်က တရုတ်တွေလည်း အခုလို လုပ်ခံရတာရှိတယ်။ ရဲမှူးရဲ့ သားနဲ့ ပတ်သက်တဲ့ သူ့အပေါင်းအသင်းအချို့လည်း မူးယစ်မှူနဲ့ ဖမ်းခံရတာတွေလည်း ရှိတယ်။ ဒါတွေကို ဆက်စပ်တွေးကြည့်ရင် အဖြေတွေ အများကြီး ရလာနိုင်တယ်"ဟု  မြင့်မြတ်အောင်နှင့် နီးစပ်သူ တစ်ဦးက ပြောပြသည်။

လက်ရှိတွင် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးညီညီဌေးက ၎င်း၏ သားဖြစ်သူ မြင့်မြတ်အောင်(ခ)ဖိုးသားကြီး အား အမှုမှ အပြစ်ကင်းကာ ကွင်းလုံးကျွတ်လွတ်မြောက်နိုင်ရေးအတွက် အပူတပြင်း လိုက်လံ ညှိနှိုင်းကြိုးစားနေလျက်ရှိကြောင်း အတွင်းသတင်းများအရ သိရသည်။

"အခု ဖြစ်စဉ် ဖြစ်ဖြစ်ခြင်း သူ့အဖေ ရဲမှူးညီညီဌေးက သူ့သားက သူများခိုင်းလို့ လုပ်ရတာပါ။ သူတို့တွေ ခေါ်လို့ ပါသွားတာပါဆိုတဲ့အပြင် ဦးဆောင်သူ မဟုတ်ပါဘူးဆိုပြီးတော့လည်း ပေးကမ်းပြီး လိုက်ဖုံးဖိနေတာတွေ လုပ်နေတယ်လို့ သိရတယ်။ အခု ဖြစ်စဉ်ကလည်း ဆိုင်ရာတွေနဲ့ ပိုင်တဲ့လူဖြစ်နေတော့ ဒီဖြစ်စဉ်က အသံထွက်လာလို့ မဖြစ်မနေ ဖမ်းပေးရတဲ့ သဘောမျိုး ဖြစ်သွားတာ။ အဲ့မတိုင်ခင်က ဖြစ်စဉ်တွေကတော့ ဘာအသံမှ မထွက်ရဲကြတာတွေရှိခဲ့တယ်။ အခုလိုက်လို့မှ မရရင် ရှေ့နေကနေ လိုက်ဖို့လည်း ပြင်ဆင်နေတယ်"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောပြသည်။

တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးညီညီဌေးသည် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးအဖြစ် တာချီလိတ်မြို့တွင် တာဝန်ထမ်းဆောင်စဉ်က မူးယစ်ဆေးဝါးဖမ်းဆီးသည့် နေအိမ်များ နှင့် ချဲထီ လောင်းကစားဖမ်းဆီးသည့် နေအိမ်များသို့ သွားရောက်ပြီး ငွေကြေးနှင့်ရွှေထည်ပစ္စည်းများ ရှာဖွေသိမ်းဆည်းသည့် အခါမျိုးတွင်လည်း ၎င်း၏ သားဖြစ်သူကို ခေါ်ဆောင်သွားလေ့ရှိသည်ဟု ဖမ်းဆီးရေးတွင် ပါဝင်လေ့ရှိသူများထံက သိရသည်။

ယခု ဓါးပြတိုက်မှုမှတဆင့် ဖမ်းဆီးရမိသည့် ဖြစ်စဉ်နှင့် ပတ်သက်၍လည်း သတင်းမီဒီယာများပေါ် မရောက်ရှိစေရန် သတင်းဖုံးဖိထားသည်ဟုလည်း သိရသည်။