မီးခိုးမြူငွေ့ဖုံးလွှမ်းနေသည့် တာချီလိတ်မြို့ လေထုအတွင်း ရေမှုန်ရေမွှားပက်ဖြန်းနိုင်ရေး ပြည်နယ်မီးသတ်ဦးစီးဌာန၏ ခွင့်ပြုမိန့်စောင့်ဆိုင်း

မီးခိုးမြူငွေ့ဖုံးလွှမ်းနေသည့် တာချီလိတ်မြို့ လေထုအတွင်း ရေမှုန်ရေမွှားပက်ဖြန်းနိုင်ရေး ပြည်နယ်မီးသတ်ဦးစီးဌာန၏ ခွင့်ပြုမိန့်စောင့်ဆိုင်း
မတ် 12, 2020
By Tachileik News Agency
မီးခိုးမြူငွေ့ဖုံးလွှမ်းနေသည့် တာချီလိတ်မြို့ လေထုအတွင်း ရေမှုန်ရေမွှားပက်ဖြန်းနိုင်ရေး ပြည်နယ်မီးသတ်ဦးစီးဌာန၏ ခွင့်ပြုမိန့်စောင့်ဆိုင်း

 မြန်မာ - ထိုင်းနယ်စပ်မြို့ တာချီလိတ်တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှစ၍ မီးခိုးမြူငွေ့များ ထူထပ်လာပြီး မတ်လ(၁၂)ရက်နေ့ နံနက်(၁၁)နာရီအထိ မီးခိုးမြူများ သိသိသာသာ ဖုံးလွှမ်းလာသည့်အတွက် လေထုအတွင်း ရေမှုန်ရေမွှားပက်ဖြန်းနိုင်ရန်  စီစဉ်ထားသော်လည်း မတ်လ (၁၂)ရက်နေ့အထိ ပြည်နယ်မီးသတ်ဦးစီးဌာန၏ ခွင့်ပြုမိန့်စောင့်ဆိုင်းနေဆဲဖြစ်၍ မဖြန်းနိုင်သေးကြောင်း သိရသည်။

ရေဖြန်းဖို့ ပြည်နယ်ခွင့်ပြုချက် စောင့်နေတယ်။ ပြည်နယ်က စာတောင်းထားတယ်။ စာရရင် ခွင့်ပြုပေးမယ် ပြောတယ်။ ခရိုင်ထွေအုပ်က စာထွက်ပေးရမယ်။ ကျွန်တော့်ဆီကနေမှ ပြည်နယ်ကို ပြန်တင်ပေးရမယ်။ အဲဒီစာ စောင့်နေရတယ်

ဟု တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း မီးခိုးမြူငွေ့များ ထူထပ်စွာဖုံးလွှမ်းနေမှုကြောင့် လေထုအတွင်း ရေမှုန်ရေမွှား ပက်ဖြန်းနိုင်ရေးအတွက် တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှ မော်တော်ယာဉ် (၂) စီး၊ တာချီလိတ်ခရိုင် သစ်တောဦးစီးဌာနမှ မော်တော်ယာဉ် (၁) စီး၊ တာချီလိတ်မြို့ အရန်မီးသတ်တပ်ဖွဲ့မှ မော်တော်ယာဉ် (၁) စီး၊ စုစုပေါင်း မော်တော်ယာဉ် (၄) စီးဖြင့် ၂၀၂၀ ခုနှစ် မတ်လ (၁၁) ရက်နေ့ ညနေ (၃) နာရီအချိန်တွင် ရေမှုန်ရေမွှားပက်ဖြန်းနိုင်ရေးအတွက် စီစဉ်ထားပြီးဖြစ်သော်လည်း ပြည်နယ်မီးသတ်ဦးစီးဌာန၏ ခွင့်ပြုချက်မရသေးသဖြင့် မတ်လ (၁၂)ရက်နေ့ နေ့လယ်အထိ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရေဖြန်းဖို့အတွက် စက်သုံးဆီရော၊ ရေရော အဆင့်သင့်ဖြစ်နေပြီ။ မနေ့ကတည်းက ဖြန်းဖို့အတွက်။ ဖြန်းဖို့စီစဉ်နေတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း မီးခိုးမြူလျော့ပါးရေး လေထုအတွင်း ရေမှုန်ရေမွှားပက်ဖြန်းရေးအတွက် လိုအပ်သည့် စက်သုံးဆီများကို တာချီလိတ်မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ လှူဒါန်းပေးမည်ဖြစ်ပြီး လိုအပ်သည့်ရေကို ရှမ်းအရှေ့ရေပေးဝေရေးကုမ္ပဏီမှ လှူဒါန်းပေးကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်တွင် နှစ်နိုင်ငံမှ တောင်ယာမီးရှို့ကြသည့်ဓလေ့ကြောင့် မီးခိုးမြူဖုံးလွှမ်းလေ့ရှိရာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ခြမ်းတွင် ရေမှုန်ရေမွှားပက်ဖြန်းခြင်းကို မတ်လ (၁၁)ရက်နေ့ကတည်းက စတင်ဆောင်ရွက်နေပြီး တာချီလိတ်မြို့တွင် မတ်လ (၁၁)ရက်နေ့မှစ၍ မီးခိုးမြူထူထပ်နေသဖြင့် အသက်ရှုကြပ်ခြင်း၊ ယားယံခြင်း၊ မျက်စိစပ်ခြင်း၊ လည်ချောင်းယားခြင်းများ ခံစားနေရခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ် မတ်လ (၁၂) ရက် နံနက်ပိုင်း တိုင်းတာချက်များအရ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် လေထုအရည်အသွေး အညွှန်းကိန်း(AQI) မှာ (၃၈၂) ရှိနေပြီးနေပြီး လေထုအရည်အသွေး အညွှန်းကိန်းအရ PM-2.5 ပါဝင်မှု (၃၈၂)၊  လေထုအရည်အသွေး အညွှန်းကိန်းအရ PM-10 ပါဝင်မှု (၂၆၃) ရှိနေသည့်အတွက် WHO မှ သတ်မှတ်ထားသည့် ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် နီညိုရောင် အဆင့်ကိုရောက်ရှိနေကြောင်း သိရသည်။ 

တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးမှ မတ်လ (၁၂) ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည့် လေထုအရည်အသွေး အညွှန်းကိန်းအရ PM-10 ပါဝင်မှု (၅၅)၊ ကာဗွန်မိုနောက်ဆိုက်(CO) ပါဝင်မှုမှာ (၁)၊ ဆာလဖာဒိုင်အောက်ဆိုဒ်(SO2) ပါဝင်မှုမှာ (၈၅) နှင့် နိုထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2) ပါဝင်မှုမှာ (၈) ရှိနေပြီး အဝါရောင်အဆင့်သို့ ရောက်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~