သံတွဲမြို့တွင် AA အလိုမရှိကြောင်းစာများ စစ်ကောင်စီတပ်က လိုက်ကပ်နေပြီး ဒေသခံများကပ်သည်ဟု ဝါဒဖြန့်နေ

သံတွဲမြို့တွင် AA အလိုမရှိကြောင်းစာများ စစ်ကောင်စီတပ်က လိုက်ကပ်နေပြီး ဒေသခံများကပ်သည်ဟု ဝါဒဖြန့်နေ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်က တောင်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)ကို အလိုမရှိကြောင်း စာများလိုက်ကပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

AA တပ်ဖွဲ့အား သံတွဲမြို့ဒေသခံများက အလိုမရှိကြောင်း ဝါဒဖြန့်ကာ စစ်ကောင်စီတပ်က ဓာတ်တိုင်များ၊ သစ်ပင်များတွင် လိုက်ကပ်နေခြင်းဖြစ်ပြီး သံတွဲမြို့မှ ရခိုင်လူငယ်များက လုပ်ဆောင်သည်ဟုဆိုကာ ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း ‌သိရသည်။

"ပြီးခဲ့တဲ့အပတ်ကပဲ လိုက်ကပ်နေတာ။ ရခိုင်စာတွေနဲ့ပေါ့။ တိုင်းရင်းသားလက်နက်ကိုင်တွေကို အလိုမရှိ ဘာမရှိပေါ့။ ပိတောက်ပင်တွေ၊ မီးတိုင်တွေမှာ လိုက်ကပ်တာပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တွေကို အားမပေးနဲ့ပေါ့။ သူတို့တွေကြောင့် သံတွဲက အေးချမ်းနေတာ ခုလမ်းတွေပိတ်ကုန်ပြီပေါ့။ ဒါမျိုးဝါဒဖြန့်ပြီး လိုက်ကပ်နေတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ရခိုင်ပြည်နယ် ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့တွင် နိုဝင်ဘာလ (၁၃)ရက်နေ့က ရက္ခိုင့်တပ်တော် (AA)က စစ်ကောင်စီ နယ်ခြားစောင့်ရဲစခန်းနှင့် ယာဉ်တန်းများကို စတင်တိုက်ခိုက်ခဲ့ရာက ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့ဝင်၊ အထွက်လမ်းများအား စစ်ကောင်စီတပ်က ပိတ်ဆို့ခဲ့သည်။

ယင်းသို့ ပိတ်ဆို့လိုက်ခြင်းကြောင့် အခြေခံစားသောက်ကုန်များ ဈေးတက်ကာ စက်သုံးဆီပြတ်လပ်မှုနှင့်ကြုံတွေ့နေရသည်ဟု ဒေသခံများက ဆိုသည်။

ယနေ့ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင်မူ သံတွဲမှ ရန်ကုန်အသွား အဝေးပြေးကာများကို ပြန်လည်သွားလာခွင့်ပြုပြီဖြစ်သော်လည်း ရန်ကုန်မှ သံတွဲပြန်မည့်ကားများအား ခွင့်ပြုပေးခြင်းမရှိသေးဟု သိရသည်။

#TachileikNewsAgency

Photo: CJ