ရသေ့တောင် ချိန်ခါလီနယ်ခြားစောင့်စခန်းကို AA ယနေ့သိမ်းပိုက်

ရသေ့တောင် ချိန်ခါလီနယ်ခြားစောင့်စခန်းကို AA ယနေ့သိမ်းပိုက်
နိုဝင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းအား ယနေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်၊ နံနက်(၇)နာရီတွင် ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မဟာမိတ်တပ်များထံမှ သိရသည်။

အဆိုပါတပ်စခန်းကို နှစ်ရက်ကြာတိုက်ခိုက်မှုအပြီးတွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်းရရှိမှုအခြေအနေကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ နိုဝင်ဘာလ (၁၃)ရက်နေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ၊ ဒုံးပိုက်ရွာအနီး၊ မောင်တောမြို့နယ်၊ မီးတိုက်နှင့် သင်္ဘောလှရွာအနီး၊ မင်းပြားမြို့နယ်၊ ဖားပြို(ချင်း) ကျေးရွာ၏ အရှေ့မြောက်ဖက် (၁၁၀၀) မီတာအကွာ ရန်ကုန်-စစ်တွေ ကားလမ်းမထက်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာ၏ အရှေ့မြောက် (၅.၇)ကီလိုမီတာအကွာ မင်းပြား-မြောက်ဦးမြို့နယ်ကြားနှင့် ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ကမ်းမြောက်ဘက် ဒုံးပိုက်ကျေးရွာအနီးတို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ၎င်းတို့အခြေပြုတပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၏ အလောင်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲများအတွင်း လက်နက်ချအညံ့ခံသူများနှင့် နီးစပ်ရာစခန်းများသို့ ဆက်သွယ်၍ စစ်ဘက်၊ ရဲဘက်မှ လက်နက်ချ အညံ့ခံလာသူများလည်း ရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency