ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီသင်္ဘော တိမ်းမှောက်ခဲ့မှုမှ လူသေအလောင်းများ မျောပါလာ

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီသင်္ဘော တိမ်းမှောက်ခဲ့မှုမှ လူသေအလောင်းများ မျောပါလာ

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်ခဲ့သည့် စစ်ကောင်စီတပ်သင်္ဘောမှ သေဆုံးသူများ၏  ရုပ်အလောင်းများ ချင်းတွင်းမြစ်အတွင်း မျောပါနေကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရသည်။

ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသော စစ်ကောင်စီရေယာဥ်များထဲမှ တစ်စီးသည် စက်တင်ဘာလ (၁၉)ရက်နေ့က မင်းကင်းနယ်တွင် တိမ်းမှောက်ခဲ့ပြီးနောက် အမျိုးသား၊ အမျိုးသမီးအလောင်းများ ချင်းတွင်းမြစ်အတွင်း မျောပါလာနေသည်ဟု သိရသည်။ 

လက်ရှိအချိန်ထိ ချင်းတွင်းမြစ်အတွင်း မျောပါလာနေသည့် အလောင်းမှာ (၁၀)လောင်းကျော်ရှိပြီဖြစ်ပြီး အမျိုးသားအလောင်းများကို အများဆုံးတွေ့ရကာ အမျိုးသမီးအလောင်းများလည်းပါကြောင်း သိရသည်။ 

မျောပါလာသည့် အလောင်းများတွင် စစ်ဦးထုတ်ဝတ်ဆင်ထားသူ၊ ကြံ့ခိုင်ရေးပါတီအင်္ကျီဝတ်ဆင်ထားသူများလည်းပါဝင်ကာ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်မူ လုံခြုံရေးလိုက်ပါလာသူ (၃)ဦး၊ ပြည်သူ(၆)ဦးနှင့် ရေယာဥ်မောင်း(၃)ဦး စုစုပေါင်း(၁၂)ဦး ပျောက်ဆုံးနေသည်ဟု ရေးသားထားကြသည်။

ဒေသခံများကမူ မင်းကင်းမြို့ ပန်းဆက်ရွာတွင်ရပ်ပြီး ရိက္ခာနှင့် လက်နက်များအပြင် ကျောင်းသားများ၊ ဆရာ၊ ဆရာမများကိုပါ တင်ဆောင်လာသည့်ရေယာဉ် တိမ်းမှောက်ခဲ့ခြင်းကြောင့် လူတစ်ရာကျော် ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းသင်္ဘောတိမ်းမှောက်ပြီးနောက် အသက်ရှင်သူ(၂)ဦးသာရှိခဲ့ပြီး တိမ်းမှောက်ခဲ့သည့်နေ့တွင် သေဆုံးသူအလောင်း (၆)လောင်းကို ပြန်လည်ဆယ်ယူရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

#TachileikNewsAgency